ဘုတ်ပြင်းမြို့နယ်တွင် လက်ဖက် စမ်းသပ်စိုက်

0
167
Dawei Watch, Dawei News, Dawei News Media

ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်း ကျေးရွာတွင် လက်ဖက်ပင် တစ်ဧကခန့်ကို ရော်ဘာပင်ကြား စမ်းသပ်စိုက်ပျိုးထားသည်ဟု ခြံရှင် ကိုသိန်းဇော်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနဦးစီးမှူး၏ အကြံပေးမှုကြောင့် စိုက်ပျိုးခြင်းဖြစ်ပြီး နည်းပညာနှင့် မျိုးကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ကူညီပံ့ပိုးပေးသည်ဟု ကိုသိန်းဇော်ဦးက ပြောသည်။

“လက်ဖက်ပင်က တောင်ကုန်းလို နေရာကိုကြိုက်တယ်တဲ့။ ကျွန်တော့် ရော်ဘာခြံကလည်း တောင်ကုန်းလေးမှာ ဆိုတော့ စမ်းစိုက်ကြည့်တာ။ လောလော ဆယ်ကတော့ အပင်တွေက အဆင်ပြေနေတယ်။ ခူးလို့ရတဲ့အခါကျရင် ဈေးကွက် တော့ ရှာရမှာပေါ့” ဟု ကိုသိန်းဇော်ဦးက ဆိုသည်။

အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ရလာပါက ထပ်မံစိုက်ပျိုးသွားမည်ဟု ၎င်းက ပြောသည်။

စိုက်ပျိုးသီးနှံဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲ အတက်အကျကြောင့် တောင်သူများအနေဖြင့် သီးနှံတစ်ခု တည်းအပေါ် မှီခိုနေ၍မရဘဲ ဈေးကွက် ဝင်နိုင်မည့် သီးနှံများကို ထပ်မံစိုက်ပျိုးရန် လိုအပ်သည်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

“သီးနှံတစ်ခုတည်းကို အားထားလို့ ဒီသီးနှံက ရုတ်တရက်ဈေးကျသွားရင် သူ့အတွက်ရပ်တည်ဖို့ခက်သွားမယ်။ အဲတော့ ကျွန်တော်တို့က အနည်းဆုံး သီးနှံသုံးလေးငါးမျိုးစိုက်တဲ့ နည်းပေါ့နော်၊ အဲလိုမျိုး ဈေးကွက်နဲ့ကိုက်ညီတဲ့ သီနှံမျိုး ကျွန်တော်တို့က ရှာပေးတာပေါ့” ဟု ဦးသိန်းစိုးက ဆိုသည်။

တနင်္သာရီတိုင်းတွင် လက်ဖက်ကို ပထမဆုံး စတင်စိုက်ပျိုးခြင်းဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းလာပါက တောင်သူများကို နည်းပညာနှင့် မျိုးပင်များ ရှာပေး ကာ ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဟု ၎င်းက ပြောသည်။