ရော်ဘာမှသည် အခြားဆီသို့

0
243
ရော်ဘာမှသည် အခြားဆီသို့

ထားဝယ်ခရိုင်တွင် ရော်ဘာပင်များ ကိုခုတ်လှဲကာ အခြားသီးနှံများကို အစားထိုးပြောင်းလဲ စိုက်ပျိုးလာသည်မှာ ဆယ်စု နှစ်တစ်ခုနီးပါးရှိလာပြီဖြစ်ကြောင်း ဒေသခံတောင်သူအချို့က ပြောသည်။

ရော်ဘာဈေးကျဆင်းလာခြင်းကြောင့် တွက်ချေမကိုက်သဖြင့် ရော်ဘာပင်ကိုခုတ်လှဲကာ ကွမ်းသီး၊ သီဟို၊ နာနတ်၊ ကျွန်း၊ ပျဉ်းကတိုးပင်နှင့် အခြား ဥယျာဉ် သီးနှံများအပြင် ဟင်းသီးဟင်းရွက်နု အပင်များကိုပါ ပြောင်းလဲစိုက်ပျိုးလာ ကြသည်ဟု ဒေသခံတောင်သူအချို့က ပြောသည်။

ကွမ်းသီးခြောက်ဈေးမှာ အနိမ့်ဆုံး ကျပ် ၃၀ဝ၀ နှင့်အထက်တွင်ရှိသဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးမှုတွင် ကွမ်းသီးပင်ကို တောင်သူများ အများဆုံး ပြန်လည် စိုက်ပျိုးကြသည်ဟု သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသင်းအောင်က ပြောသည်။

“ကွမ်းသီးဈေးကကောင်းလာပြီး ရော်ဘာဈေးက ထောင်ကျော်ပဲဖြစ်နေတာ။ အခုမှ နှစ်ထောင်ကျော်ဆိုတော့ လူတွေလည်း အဲလိုမျိုးဖြစ်နေတာ။ ကျွန်တော်ဘက်မှာ အဲလိုပြောင်းစိုက်လာတာ များများကြီးပဲ။ ဧက ရာချီ အခုဆိုထောင်ချီတော့မယ်ရော အဲလိုပဲ စိုက်နေကြတာ” ဟု ဦးသင်းအောင်က ပြောသည်။

ရော်ဘာဈေးမရှိခြင်း၊ အလုပ်သမား ခကို ယခင်ကကဲ့သို့ နေ့စားလခဖြင့် ရှင်းမပေးရဘဲ ရရှိသည့် ရော်ဘာကို ခြံရှင်တစ်ဝက် အလုပ်သမားတစ်ဝက် ပုံစံမျိုးဖြင့်ပေးလာရသည်ဟု တောင်သူ အချို့က ပြောသည်။

ထိုအခြေအနေများကြောင့် ခြံရှင်များမှာ တွက်ခြေမကိုက်ဖြစ်လာပြီး ခြံ ပိုင်ရှင်များမှာ ထမင်းစာဖိုးလောက်သာ ရကြသဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးလာ ကြခြင်းဖြစ်သည်ဟု ဦးသင်းအောင်က ဆိုသည်။

ထားဝယ်မြို့နယ်၊ ရောင်းမောင် ကျေးရွာတွင် နာနတ်သီးတစ်လုံး ကျပ် ၅၀ဝ မှ ၄၀ဝ၀ ခန့်အထိ ဈေးကောင်းရ လာသဖြင့် ရော်ဘာခြံများကို အပြောင်ရှင်းကာ နာနတ်သီးစိုက်ခင်းများကို ပြောင်းလဲစိုက်ပျိုးခဲ့ကြသည်ဟု ရောင်း မော်ကျေးရွာမှ ဒေသခံအချို့က ပြောပြသည်။

အချို့သောတောင်သူများမှာမူ ရော်ဘာအရိုင်းပင်များကိုသတ်ကာ ကိုင်းကူးပင် အယဉ်ပင်များကို ပြောင်းလဲစိုက်ပျိုးလာကြသူများလည်းရှိသည်ဟု ဒေသခံတောင်သူအချို့နှင့် ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့က ပြောသည်။

ရော်ဘာခြံကြီးများတွင်မူ သီးနှံပြောင်းလဲစိုက်ပျိုးရန်မလွယ်ကူကြောင်း ထားဝယ်ခရိုင်ခရိုင် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင် မျိုးက ပြောသည်။

“စိုက်ပျိုးရေးဌာနကနေပြီးတော့ ဒီဒေသမှာ ဈေးကွက်အရ ဘယ်လိုမျိုး သီးနှံက ကောင်းတယ်၊ ဘယ်လိုမျိုး လိုအပ်မှုတွေရှိတယ်ဆိုတာကို သူတို့ သုတေသနလုပ်ထားတဲ့ အချက်တွေမရှိ ဘူးလေ။ အဲတော့ ကိုယ်ထင်ရာကိုယ်စိုက် သွားနေကြတုန်းပဲ” ဟု ဦးအောင်မျိုးက ဆိုသည်။

လက်ရှိကိုဗစ်ကာလတွင် ကုန်စည် စီးဆင်းမှုများနှောင့်နှေးခြင်း၊ ရပ်တန့်နေခြင်း၊ ဈေးနှုန်းကျဆင်းခြင်းများအား ရင်ဆိုင်နေရရာ စိုက်ပျိုးရေးအပေါ် ထိခိုက်မှုများအတွက် မည်သို့ကျော်လွှားရမည် ဆိုသည့် ကိစ္စမှာ ပို၍ အရေးကြီးနေသည် ဟု ဦးအောင်မျိုးက ပြောသည်။

သို့သော် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရမူ ရော်ဘာစိုက်ဧကများ နှစ်စဉ် တိုးလာနေသည်။

မိုးမြင့်