ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေး၏ အလားအလာ

0
573

ကိုဗစ် ၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ယခုအခါ ကပ်ရောဂါ တစ်ခုအသွင်နှင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ကူးစက်နေသည်မှာ တစ်နှစ်ပြည့် တော့မည်ဖြစ်ပါသည်။

မကြုံစဖူး တွေ့ကြုံလာရသော သည်ကပ်ဘေးကြောင့် သန်းနှင့်ချီသော လူများစွာ ရောဂါကူးစက် ခံရသလို များစွာသော သူများ နေ့စဉ်နှင့်အမျှ အနိစ္စရောက်နေကြရပါသည်။ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံသဘာဝအရ လူတိုင်းကို ကူးစက်နိုင်ခြင်းကြောင့် လူများစွာ စုဖွဲ့ခြင်း၊ ထိတွေ့ပြောဆိုဆက် ဆံခြင်းများကိုပင် ရောဂါကို ထိန်းချုပ်တားမြစ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ပိတ်ပင် တင်းကျပ်ထားရပါသည်။ အသွားအလာ ကန့်သတ်ခြင်း၊ အိမ်တွင်သာ နေစေခြင်းတို့က လူပေါင်းများစွာ၏ စိတ်ကို ကျဉ်းကျပ် စေသည်ဟုဆိုကြပါသည်။ လူများသည် လူမှုရေး သတ္တဝါဖြစ်ကြသည့်အလျောက် အသိုင်းအဝိုင်း မိတ်ဆွေများနှင့် စုစု စည်းစည်း သွားလာ နေထိုင်တတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ယခု ကိုဗစ်ကြောင့် လူတို့၏ လူမှုစီးပွား အခြေအနေများစွာ ကမ္ဘာတစ်လွှားတွင် လွန်စွာ ထိခိုက် နေရပြီဖြစ်ပါသည်။ ထိုသို့ အကျဉ်းအကျပ်ထဲရောက်နေသော အခြေအနေမှ လွတ်မြောက်ရန် နည်း လမ်းတစ်ခုမှာ ကာကွယ်ဆေးထိုးနှံခြင်း ပင်ဖြစ်ပါသည်။ ကိုဗစ်ကာကွယ်ဆေးရရန် ကမ္ဘာတစ်ဝှမ်းရှိ ဆေးပညာနှင့် ဆက်စပ်လုပ်ငန်းများစွာက ကြိုးပမ်း နေကြသည်မှာ စာဖတ်သူများသိကြပြီး ဖြစ်ပေမည်။ ကိုဗစ်သည် ဗိုင်းရပ်စ်ဖြစ် ခြင်းကြောင့် အရှင်းကုသနိုင်သော ဆေးမျိုးရရန် ခက်ကြောင်းလည်း ပညာရှင်များက ဆိုထားခဲ့ပြီးလည်းဖြစ်ပါသည်။ ထို့ကြောင့်ပင်နိုင်ငံတကာရှိ ဆေးလောက သားများနှင့် ဆေးလုပ်ငန်းကုမ္ပဏီကြီး များသည် အစိုးရများနှင့် ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးကို အပူတပြင်း စမ်းသပ်ရှာဖွေနေကြခြင်းဖြစ်သည်။

မကြာသေးမီက အမေရိကရှိ ဖိုင်ဇာ (Pfizer) ဆေးကုမ္ပဏီကြီးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ဂျာမန်ဆေး ကုမ္ပဏီဖြစ်သော ဘိုင်အိုအင်းထက် (BioNTech) တို့က ယင်းတို့ စမ်းသပ်နေသော ကိုဗစ်ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှု ရှိကြောင်း ကနဦးကြေညာချက်ထုတ်ခဲ့ပါသည်။ ဤသတင်းကြောင့် လူများစွာ မျှော်လင့် ချက် ရောင်ခြည်သမ်းလာသော်လည်း ကြေညာချက်မှာ ကနဦးအဆင့်ကြေညာချက်သာ ရှိသေးကာ ထိုကာကွယ်ဆေးသည် မည်မျှ ကောင်းစွာအလုပ်ဖြစ်မည်ကို မသိနိုင်သေးပေ။ စမ်းသပ်မှုများစွာ အချိန်ယူလုပ်ဆောင်ရလိမ့်ဦးမည်ဖြစ်သည်။

ထင်ရှားသည့်အချက်မှာ ကာကွယ်ဆေးသည် နောက်ထပ်လပေါင်း အတော်များများ ကြာသည်အထိ ထွက်လာရန် မသေချာသေးပေ။ အကယ်၍ လူများစွာသည် ကိုဗစ်နှင့်ပတ်သက်၍ လိုက်နာ သတိထားရမည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာဘဲနေခဲ့လျှင် ဆေးမပေါ်သေးမည်အချိန်အတွင်း ကိုဗစ်သည် လူပေါင်းများစွာ၏ ဘဝများစွာကို နုတ်ယူနေဦးမည်ဖြစ်သည်။

လွန်ခဲ့သော ဇူလိုင်လအတွင်း အထက်ပါ ကုမ္ပဏီကြီး နှစ်ခုက ယင်းတို့ စမ်းသပ် ထုတ်လုပ်ထားသော ကာကွယ်ဆေးကို လူအများတွင် ဆေးတိုးမတိုး စမ်းသပ်မှု စခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုတွင်ပါဝင်သော လူစုစုပေါင်းကို ထက်ဝက်စီနှစ်အုပ်စု ခွဲကာ တစ်စုကို ကာကွယ်ဆေးထိုးပေးသည်။ ကျန်တစ်စုကိုမူ ပလာ့ဆီးဘိုး ခေါ်ဆေးဝါးစမ်းသပ်ရန် ရည်ရွယ်ရင်းဖြင့် တကယ့်ကာကွယ်ဆေး အာနိသင် မရှိသော ဆားရည်များကို ပေးခဲ့သည်။ ထို့နောက်ထိုသူများကို ကုမ္ပဏီများက စောင့်ကြည့်လေ့လာခဲ့သည်။ပါဝင်ခဲ့သူ ပေါင်း ၄၄၀ဝ၀ အနက် ၉၄ ဦးသာလျှင် ကိုဗစ်ရောဂါရကာ နာမကျန်းဖြစ်ခဲ့သည် ဟုဆိုသည်။ မည်သူတို့ကို စမ်းသပ်ဆဲ တကယ့်ကာကွယ်ဆေး ပေးထားပြီး မည်သူတို့ကမူ ပလာ့ဆီးဘိုးရသည်ကိုမူ လွတ်လပ်သော ပညာရှင်များပါဝင်သည့် ဘုတ်အဖွဲ့ကသာ ကြီးကြပ်ကြည့်ရှုခြင်း ဖြစ်သည်။

ထိုစမ်းသပ်ချက်ရလဒ်များကိုလည်း ထိုလွတ်လပ်သော ဘုတ်အဖွဲ့က စိစစ်အကဲဖြတ်ခြင်းဖြစ်သည်။ စမ်းသပ်ချက်မှရလာသော အချက်အလက်များကို ထိုအကဲဖြတ်ဘုတ်အဖွဲ့ဝင်များကသာ သိရှိခြင်းဖြစ်ပြီး ပါဝင်ခဲ့သော စေတနာ့ ဝန်ထမ်းများ၊ ဆရာဝန်များ သို့မဟုတ် ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင် အရာရှိ ချုပ်ပင်လျှင် သိခွင့်မရှိခဲ့ပေ။ အကဲဖြတ် အဖွဲ့က ရလဒ်ကို ထုတ်ပြန်မှသာ သိရှိရ ခြင်းဖြစ်ပြီး ကနဦးရလဒ်အဖြစ် ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်ကြောင်းနှင့် ယင်းကာကွယ်ဆေးထိုးနှံကာ စမ်းသပ်ချက်တွင်ပါဝင်ခဲ့သူ အနည်းစုသာ ကိုဗစ် ကူးစက်ခံခဲ့ရခြင်းဖြစ်သည် ဟုဆိုထားသည်။

စမ်းသပ်ဆဲကာကွယ်ဆေး၏ ကနဦး ရလဒ်မှာ ရလဒ်ကောင်းဟု ယေဘုယျ ကောက်ချက်ချနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်စဉ် ကမ္ဘာတလွှား လူများစွာ ထိုးနှံနေကြသော လိုင်စင်ရ တရားဝင် တုပ်ကွေး ကာကွယ်ဆေးများ၏ ထိရောက်မှုသည်ပင်လျှင်၄၀ ရာခိုင် နှုန်းမှ ၆၀ ရာခိုင်နှုန်း လောက်အထိသာ ထိရောက်မှု ရှိနိုင်သည်ဟုဆိုသည်။ ဤ သည်မှာလည်း တုပ်ကွေး ဗိုင်းရပ်စ်များမှာ အမြဲတမ်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲနေခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ယခု ကနဦး စမ်းသပ်မှုရလဒ်နှင့် နှိုင်းစာလျှင် ရလဒ်ကောင်းဟု ပညာရှင်အချို့က ယူဆထားသည်။

အထက်ပါကုမ္ပဏီကြီး နှစ်ခုကမူ ယင်းတို့၏ ကာကွယ်ဆေးသည် သုံးစွဲသူအတွက် ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် စပ်၍ ကြီးမားသော စိုးရိမ်ဖွယ်ရာ မရှိဟု ဆိုထားသည်။ သူတို့သည် လူပေါင်းများစွာနှင့် မစမ်းသပ်ခင်ကပင် မေလအတွင်း အသေးစားစမ်းသပ်မှုများကို စနစ်တကျ ပြုလုပ်ထားကာ ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့်ပတ်သက်သော သတိပေး ချက် လက္ခဏာများကို သိရှိထောက်လှမ်းနိုင်ရန် အသေးစိတ်စီစဉ်တကျပြုလုပ်ခဲ့ သည်ဟုဆိုသည်။ ကုမ္ပဏီများက ကာကွယ်ဆေး အမျိုးအစား လေးခုကို ကြိုးပမ်း စမ်းသပ်ခဲ့ကာ ယင်းတို့အနက်မှ ကာကွယ် ဆေးကြောင့်ဖြစ်သော အနည်းငယ်ဖျားခြင်း၊ နုံးနယ်နွမ်းလျခြင်းမျိုးစသော ဘေးထွက်ဆိုးကျိုးမျိုး အနည်းဆုံး ဖြစ်စေသော ဆေးတစ်မျိုးကိုသာ ရွေးခဲ့ ခြင်းဖြစ်သည်။

အကယ်၍ ယင်းကာကွယ်ဆေးသည် အမေရိက၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ကြီး (F.D.A) ထံမှ အရေးပေါ်ခွင့်ပြုမိန့်ရကာ လူပေါင်း များစွာထံ ဆေးဝါးဖြန့်ဖြူးခွင့်ရခဲ့မည်ဆိုလျှင်ပင် ရောဂါထိန်းချုပ်ရေးဌာန (CDC) နှင့် FDA တို့က ကြီးကြပ်စောင့် ကြည့်နေမည်ဖြစ်ပြီး ဘေးကင်းလုံခြုံမှု နှင့်ဆိုင်သော ပြဿနာမျိုး မရှိအောင် လုပ်ဆောင်မည်ဖြစ်သည်။ ကာကွယ် ဆေးစမ်းသပ်ရာတွင်ပါဝင်ခဲ့သူများမှာမူ နှစ်နှစ်မျှ စောင့်ကြည့်ခံရမည် ဖြစ်သည်။

ဖိုင်ဇာကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၏ ပြောစကားအရမူ ယခုနှစ်မကုန်မီ ဆေးအဖုံ သန်းပေါင်း ၃၀ မှ ၄၀ လောက် အထိရနိုင်ကြောင်းဆို ထားသည်။ ထို ပမာဏသည် လူပေါင်း ၁၅ သန်းမှသည် သန်း ၂၀ လောက်အတွက် ပထမအကြိမ် ရှေးဦးထိုးနှံခြင်းနှင့် နောက် သုံးပတ် အကြာတွင်ထပ်ထိုးရမည် ဆေးအတွက် လုံလောက်နိုင်သည်ဟုဆိုသည်။
ပထမအကြိမ် ကာကွယ်ဆေးအတွက် မည်သို့သော သူမျိုးသည် သင့်တော်လိမ့် မည်နည်း ဆိုသည်ကို မဆုံးဖြတ်ရသေးပေ။ သို့ရာတွင် ကိုဗစ်ကူးစက်နိုင်ချေမြင့်သော အုပ်စုများ သို့မဟုတ် ရောဂါ ကူးစက်ခံရလျှင်ပို၍ အသက်အန္တရာယ်ထိခိုက်နိုင်ချေရှိသူများကမူ ဦးစားပေး ခံရနိုင်သည်။ ထိုအုပ်စုများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆီးချိုဝေဒနာသည် အစရှိသော ရောဂါအခံရှိသူများလည်း ပါဝင်နိုင်ပါသည်။

အဆိုပါဆေး ကုမ္ပဏီနှစ်ခုကမူ နှစ်စဉ် ဆေးအဖုံ သန်းပေါင်း ၁၃၀ဝ (၁.၃ ဘီလျံ) ခန့် ထုတ်နိုင်မည်ဟု ခန့်မှန်း ထားသည်။ ထိုပမာဏသည်ပင် ကမ္ဘာ တစ်ဝှမ်း ဆေးလိုနေသော လူဦးရေနှင့် နှိုင်းစာလျှင် ကျေနပ်လောက်ဖွယ် မဟုတ်သေးပေ။ အခြားသော (ဆေးဝါးလုပ်ငန်း၊ ကုမ္ပဏီများကထုတ်သော) ကိုဗစ်ကာကွယ် ဆေးများပေါ်လာပါကလည်း ကမ္ဘာ့လို အပ်ချက်ကို ပို၍ ဖြည့်လာနိုင်မည့် အခြေအနေမျိုးဖြစ်သည်။

ယခုလလာမည့်အပတ်များတွင် ဖိုင်ဇာကုမ္ပဏီက FDAထံမှ ကာကွယ်ဆေးအတွက် အရေးပေါ် ခွင့်ပြုချက် ရရန်လိုအပ်သော အချက်အလက် အထောက်အထားများတင်သွင်းသွားမည် ဖြစ်သည်။ ထို့နောက် FDA ကကာကွယ်ဆေးကို အရေးပေါ် ခွင့်ပြုသင့်မသင့် လုပ်ထုံးလုပ်နည်းများအရ စိစစ်သွားမည်ဖြစ်ပြီး စိစစ်ကာလမှာ ရက်သတ္တ ပေါင်းများစွာကြာနိုင်ပေသည်။ ရောဂါ ကူးစက်ခံရနိုင်ချေမြင့်သော အုပ်စုများအတွက် ကာကွယ်ဆေးသည် ယခုနှစ် မကုန်မီတွင် ခွင့်ပြုချက်ရနိုင် ကောင်းသည် ဟုဆိုသည်။ သို့သော်လည်း ဤသည်မှာ စီစဉ်မျှော်မှန်းထားချက်သာဖြစ်ပြီး မမျှော်မှန်းနိုင်သော အကြောင်းများကြောင့်လည်း ကြန့်ကြာ မှုများရှိလာနိုင် သည်ဟုဆိုပါသည်။

သက်ကြီးရွယ်အိုများအတွက် ဆေးတိုးမတိုးစိုးရိမ်မှုများလည်းရှိသည်။ ဖိုင်ဇာ၏ စမ်းသပ်ချက် ကနဦး ရလဒ်တွင်မူ အသက်ခွဲခြားကာ ထိရောက်မှုရှိမရှိဖော် ပြခဲ့ခြင်းမျိုးမရှိသော်လည်း ယင်းတို့၏ စမ်းသပ်မှုတွင် အသက် ၆၅ နှင့်အထက် ပုဂ္ဂိုလ်များပါဝင်ခဲ့သည်။ ရလဒ်အသေး စိတ်ကို နောင်တွင်ထုတ်ပြန်မည်ဖြစ်သည်။ အစောပိုင်း စမ်းသပ်မှု ရလဒ် များအရမူ အသက်အရွယ်ကြီးသူများတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ခုခံအား အားနည်းစွာ တုံ့ပြန်သည်ဟုတွေ့ရှိထားသည်။ သို့သော်လည်း နောက်ဆုံးအဆင့် စမ်းသပ်ချက်၏ ကနဦးရလဒ်အရမူ သက်ကြီးပိုင်းများသည်လည်း ဆေး၏ ထိရောက်သောအာနိသင်အတိုင်းအတာတစ်ခုအထိ ရနိုင်မည့် သဘောရှိနေသည်။

ကလေးများတွင် ဖိုင်ဇာ၏ ကာကွယ်ဆေးထိုးနှံနိုင်ပါမည်လားဟုလည်းအမေး ရှိပါသည်။ စမ်းသပ်မှုများတွင် ဖိုင်ဇာက အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက် ပြီးသူများနှင့်စတင်ခဲ့သော်လည်း လွန်ခဲ့သော စက်တင်ဘာလက စမ်းသပ်မှုတွင်မူ ၁၆ နှစ်အရွယ် ဆယ်ကျော်သက်များ ပါဝင်စေခဲ့ပါသည်။ အောက်တိုဘာလ အတွင်းကလည်း ၁၂ နှစ်အရွယ်များ ပါဝင်သော စမ်းသပ်မှုများလည်း လုပ်ဆောင်ခဲ့ကာ ပို၍ အသက်ငယ်သော သူများပါဝင်နိုင်စမ်းသပ်နိုင်အောင် စီမံ လျက်ရှိသည်ဟုဆိုထားသည်။

ဖိုင်ဇာ၊ ဘိုင်အိုအင်းထက် ကုမ္ပဏီ များနှင့်အပြိုင် ကမ္ဘာတဝန်း ကိုဗစ် ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ် မှုသို့ရောက်နေပြီဖြစ်သည့် ဆေးအမျိုးပေါင်း ၁၀ မျိုးရှိပါသေးသည်။ ဖိုင်ဇာတို့၏ ဆေးမှာ ဆေးပညာနယ်ပယ်ရှိ ကျွမ်းကျင်သူများက အကောင်းမြင် မျှော်လင့်ချက်ထားသော ဆေးပင်ဖြစ်၏။ ဖိုင်ဇာ၏ ကိုဗစ်ကာကွယ်ဆေးမှာ RNA ခေါ်ဗီဇ မော်လီကျူးကိုသုံးကာ လူတို့၏ ကိုယ်တွင်းဆဲလ်များကို စပိုက်ဟုခေါ် သောကိုဗစ်ဗိုင်းရပ်စ်ပါ ပရိုတင်းမျိုး ထုတ်စေသည်။ထိုအခါတွင် ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်က ထိုဗိုင်းရပ်စ် ပရိုတင်းကို တုံ့ပြန်ကာ ရောဂါပိုးများကို နှိမ်နင်းမည့် ကိုယ်တွင်း ပဋိပစ္စည်းများနှင့် ကိုယ်ခံအားဆဲလ်များကိုထုတ်ပေးသည်။ ထိုအရာများက ကိုဗစ်ဗိုင်းရပ်စ်၏ ပရိုတင်းကို လျင်မြန်စွာ တုံ့ပြန်နှိမ်နင်း မည်ဖြစ်သည်။ အခြားသော အချို့ ကာကွယ်ဆေးများမှာမူ စပိုက်ခေါ်ကိုဗစ် ဗိုင်းရပ်စ်ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်အတွင်း တိုက်ရိုက်ထည့်သွင်းကာ ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းထုတ်စေမည့် သဘောရှိပါသည်။ မည်သို့ပင် နည်းနာ ကွဲပြားကြသည်ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ၏ အောင်မြင်မှုများ တွေ့လာရသည်မှာ ကမ္ဘာ့လူသားများ၏ ကျန်းမာရေးအတွက် ကြီးမားသောမင်္ဂလာသတင်းစကားပင်ဖြစ်သည်။

ကိုးကား- https://www.nytimes.com/live/2020/pfizer-covid-19-vaccine