ရွေးကောက်ပွဲလွန် ကိုဗစ်အခင်းအကျင်းနှင့် လားရာ

0
301
ရွေးကောက်ပွဲလွန်

စံတော်ချိန် နေ့စဉ်သတင်းစာမှ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး လက်ရှိ ပစ္စက္ခကာလ ကိုဗစ် အခင်းအကျင်း၊ ပါတီ အောင်ပွဲခံ လူစုလူဝေးနဲ့ လာမယ့်လားရာကို သိလိုပါတယ်ဟု ဆိုပါသည်။

ကိုဗစ်နဲ့ ကမ္ဘာ့အခင်းအကျင်း
ယနေ့ ညနေ စာရင်းအရ ကမ္ဘာ့ လူဦးရေ ၅၁၉၀၈၁၅၇ ဦးကူးစက်ခံ ထားရပြီး ယင်းအနက်မှ ၁၂၈၁၂၃၃ ဦး သေဆုံးခဲ့ရကာ ကမ္ဘာ့ကူးစက် ကပ်ဘေးကာလအဖြစ် ကြေညာခဲ့သည်မှာ တစ်နှစ် နီးပါးကြာမြင့်လာပြီ ဖြစ်ပါသည်။ အချို့ ကမ္ဘာ့နိုင်ငံများတွင် တစ် ကျော့ပြန် ကပ်ဘေးကြောင့် ပိတ်ဆို့ တားမြစ်မှုများ အသစ်တဖန် ပြန်လုပ် နေကြရသည့် အခြေအနေ ရှိနေပြီး ယင်းကို ထိန်းချုပ်နိုင်သည်၊ ထိန်းချုပ်နိုင်မည့် အလားအလာ မမြင်ရသေးသလို ကုသ၊ ကာကွယ်နိုင်မည့် ဆေးလည်း တရားဝင် မထွက်ပေါ်လာသေးပါ။

ဖြစ်ပွားသူများ၏ ၉၉ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြင်းထန်ဘဲ ၁ ရာနှုန်းမှာသာ ပြင်းထန်သည်ဟု စစ်တမ်းများအရ သိရပြီး ယင်းဖြစ်ပွားသူပေါင်း၏ ၉၆ ရာနှုန်းမှာ ပြန်လည် သက်သာ ပျောက်ကင်းပြီး ၄ ရာနှုန်းမှာ သေကြေရ ပါသည်ဟု ကမ္ဘာ့စစ်တမ်းများအရ သိရပါသည်။ သို့သော် ကူးစက်မှုနှုန်း မြန်ဆန်ခြင်းနှင့် ရောဂါအခံရှိသူတို့မှာ ရောဂါ ပြင်းထန်နိုင်ချေရှိခြင်းတို့ကြောင့် ယနေ့အထိ ထိန်းချုပ်ရ ခက်ခဲနေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်နေ့ ကိန်းဂဏန်းများအရ ရောဂါတွေ့ရှိ သူ ၆၃၂၄၁ ဦးရှိခဲ့ပြီး ယင်းမှ ၁၄၆၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ နေ့စဉ် ရောဂါတွေ့ရှိမှု စာရင်းအရ စစ်ဆေးနိုင် သည့် အတိုင်းအတာအတွင်းမှသာ စစ်ဆေးခြင်းဖြစ်စေကာမူ ရောဂါပိုးတွေ့ ရှိနှုန်းမှာ ကျဆင်းသည်ဟု မဆိုနိုင်သေးပါ။ ဆိုလိုသည်က ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့သူဖြစ်သဖြင့် ကန့်သတ်ထိန်းချုပ်ကာ ကွာရန်တင်းအဖြစ် ကန့်သတ်ထားရှိသူများကိုသာ စစ်ဆေး ပေးနိုင်သေးသည်ဖြစ်သော်ငြား ရောဂါပိုး တွေ့ရှိမှု နေ့စဉ်နှင့်အမျှ မြင့်တက်နေ ဆဲဖြစ်ပါသည်။

ရင်းမြစ်မသိရတဲ့ ကူးစက်မှုတွေ
ပြည်သူလူထုအတွင်း ရောဂါ လက္ခဏာမပြပါဘဲ လှုပ်ရှားသွားလာနေ သူများအတွင်း အတိုင်းအတာ မည်မျှအထိ ကူးစက်ပြန့်ပွားနေသည်ကို မခန့်မှန်းနိုင်သေးသလို နေ့စဉ် အနံ့ပျောက်သဖြင့် ဆေးရုံဆေးခန်းများသို့ ပြသ ကုသမှုခံယူကြရင်း ရောဂါပိုးတွေ့ရှိရသူ များကလည်း အများအပြားတွေ့ရှိနေရဆဲ ဖြစ်ပါသည်။

လတ်တလော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ ကိုဗစ်အရေးကို ခေတ္တ ရပ်လျက် ရွေးကောက်ပွဲအတွက် ဦးစားပေးကာ ဖြတ်သန်းခဲ့ကြရသည် မှန်သော်ငြား ကိုဗစ်အရေးသည် ငြိမ်းအေးသွားသည့် အရေးမဟုတ်သေးပါ။ သို့ကြောင့်လည်း နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်က နိုဝင်ဘာလ ၁၀ ရက်နေ့ က ပြည်သူလူထုသို့ နှုတ်ခွန်းဆက် စကားတွင် ရွေးကောက်ပွဲအပြီး ကိုဗစ်အရေးကို ဆက်လက်အာရုံစိုက်ကြရမည်ဟု အလေးထား သတိပေးခဲ့ပါသည်။

ဦးစားပေးအဆင့်နဲ့ ကိုဗစ်
နိုင်ငံရေး ဖြစ်စဉ် ပြောင်းလဲမှုအတွက် အရေးပါသည့် ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်ကာလ စည်းမျဉ်း စည်းကမ်း၊ ကန့်သတ်ချက် အတော်များများကို လျှော့ပေါ့ခဲ့ပြီး အထူးသတိထားကာ ရွေးကောက်ပွဲဖြစ်စဉ်ကို စွန့်စား ကျော်ဖြတ်ခဲ့ကြရသည်ကို ငြင်းမရနိုင်ပါချေ။ ရွေးကောက်ပွဲ ကာလတွင်လည်း ကျန်းမာရေးအတွက် ကူးစက်မှု လျှော့ချနိုင်မည့် နည်းလမ်းမှန်သမျှဖြင့် အတတ်နိုင်ဆုံး ကြိုးစားကာ ဆောင်ရွက်ခဲ့ကြရကြောင်း အားလုံး အသိပင်ဖြစ်ပါသည်။

သို့ဖြစ်ရာ အခြေအနေအရ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်ဘေးအန္တရာယ်ကြားမှလျှင် စွန့်စားကာ မြန်မာ့ နိုင်ငံရေးဖြစ် စဉ်အတွင်း အရေးပါသည့် ရွေးကောက်ပွဲကို ဖြစ်အောင် ကြိုးစားကျင်းပခဲ့ရသည် ဖြစ်ရာ ဦးစားပေးအဆင့်တွင် ကိုဗစ်သည် ရွေးကောက်ပွဲ၏ နောက်သို့ မသိ မသာ ရောက်နေခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်လည်း ထုတ်ပြန်သော အမိန့်ကြေညာစာများတွင် ရွေးကောက်ပွဲအတွက် သင့်လျော်လျောက်ပတ်သော နည်းလမ်းများ အသုံးပြုကာ စည်းမျဉ်း စည်းကမ်းများကို ဖြေလျှော့ခဲ့ကြသည်ကို တွေ့နိုင်ပါ၏။

ရွေးကောက်ပွဲလွန် အောင်ပွဲခံခြင်းများနှင့် ကိုဗစ်အန္တရာယ်
ပွင့်လင်းစွာ ဆိုရသည်ရှိသော် ရွေးကောက်ပွဲ မတိုင်မီကာလ ကတည်းကိုက ကပ်ဘေးအန္တရာယ်ကို ပိုမို မြင့်မားစေသည့် လူစုလူဝေးနှင့် မဲဆွယ်စည်းရုံး လှုပ်ရှားမှုများကို နေ့တဓူဝ တွေ့နေ မြင်နေကြရပါသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသော ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးရာတွင် လိုက်နာကြရမည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမှု အတန်အားနည်းသလို တာဝန်ရှိ သူအဆင့်ဆင့်တို့မှလည်း တာဝန်ယူ၊ တာဝန်ခံ ကြီးကြပ်မှု အလွန်အမင်း အားနည်းခဲ့ပါသည်။

နိုင်ငံရေး ပါတီအချို့မှ လွဲ၍ ကပ်ဘေးကာလ မဲဆွယ်စည်းရုံးကြရာတွင် လိုက်နာကြရမည့် စည်းမျဉ်းများကို မလိုက်နာခဲ့ကြဘဲ ပါတီကြီးများမှ တာဝန်ရှိသူတို့မှလည်း မိမိတို့မှ ယင်း သို့ အန္တရာယ် မကင်းသည့် လူစုလူဝေးဖြင့် ဟစ်ကြွေး လှည့်လည် သွားလာနေခြင်းသည် မိမိတို့မှ ဦးဆောင်သည် မဟုတ်၊ ဝန်းရံသူတို့ဘက်မှ လှုပ်ရှားခြင်းသာဖြစ်သဖြင့် မိမိတို့တွင် တာဝန် မရှိဟု ဆိုကြပါသည်။

ကျန်းမာရေးဌာနမှ လူစုလူဝေးကို ၃၀ ထက်မကျော်လွန်ရန်နှင့် ခြောက်ပေအကွာ ဖြစ်ရန်၊ နှာခေါင်းစည်း တပ်ဆင်ရန် စသည့် လူတိုင်း လိုက်နာကြရမည့် စည်းကမ်းချက်များကို မလိုက်နာကြသည့်အပြင် ညမထွက်ရ၊ လူမစုရစသော အမိန့်နှင့် ညွှန်ကြားချက်များကိုပါ မလိုက်နာကြတော့ဘဲ နေ့နေ့ညည လူစုလူဝေးဖြင့် တရုန်းရုန်းဖြင့် ဟစ်ကြွေးကာ သွားလာခဲ့ကြသည်က မြန်မာ သင်္ကြန်ကာလ၊ သီတင်းကျွတ် ကာလများတွင် ပျော်ပွဲဆင်ကြသည်နှင့် မခြားပေ။

ယင်းအပျော်လွန်မှုသည် ရွေး ကောက်ပွဲ ပြီးသည်အထိ ဆင့်ကဲ ကူးစက်ကာ ယနေ့ သုံးရက်ကျော် လွန်သည်အထိ ထိန်းမနိုင်သိမ်းမရ ပျော်ကြပါး ကြဆဲဖြစ်ပါသည်။

တာဝန်ယူ ထိန်းကျောင်းမှုနဲ့ ကပ်ဘေး ကာလ အသိတရား
ထိုလူအစုအဝေးဖြင့် ကပ်ဘေးကာလ စည်းမျဉ်းစည်းကမ်းချက်များ မလိုက်နာဘဲ လှည့်လည် အပျော်လွန်ခြင်းများကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သတိပေး စကားဆိုခဲ့ပြီး အုပ်ချုပ်ရေးဘက်မှလည်း တည်ဆဲဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများနှင့် မလျော်ညီသော လှည့်လည်မှုများကို အရေးယူပါမည်ဟု ယင်းနေ့တွင်ပင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ကပ်ဘေး အန္တရာယ်ကို မမေ့မလျော့ဖို့ အသိနှင့် သတိအုပ်ချုပ်သူနှင့် အစိုးရ တာဝန်ရှိသူတို့မှာ ရှိနေသေးကြောင်း ယင်းအချက်များအရ သိရပါသည်။

နိုင်ငံတော်မှ ယင်းသို့ ထုတ်ပြန်ကြေညာသည် ဖြစ်စေကာမူ ထိုနေ့ ၁၁-၁၁-၂၀၂၀ မနက်ပိုင်းအထိ အောင်ပွဲခံ လှည့်လည်မည့် လူစုလူဝေးကို နယ်အသီးသီးတွင် ထိန်းချုပ်ရန် ကြိုးစား ခြင်းမရှိခဲ့ပါ။

နေ့စဉ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များအရ ပိုးတွေ့နှုန်းမှာ မလျော့ကျသေးသည့်အပြင် နေ့စဉ် ပိုးတွေ့လူနာသေဆုံးမှုမှာလည်း မြင့်လျက် ရှိဆဲဖြစ်ပါ၏။ မြိတ်ဒေသတွင် ယမန်နေ့ည သတင်းအရ ပိုးတွေ့ရှိသူ အသစ်ခြောက်ဦး ရှိခဲ့ပြီး ကွာရန်တင်းစင်တာ တာဝန်ခံတို့မှလည်း မိမိတို့တွင် သံသယလူနာများအား ထိန်းသိမ်းထားနီုင်သည့် အနေအထား မရှိတော့ကြောင်း လူမှုကွန်ရက်များမှ တစ်ဆင့်ကြေညာကာ လူစုလူဝေးကို ထိန်းချုပ်ကြပါရန် အလေးအနက် ပန်ကြားခဲ့ကြ ရပါသည်။

ထို့ကြောင့် ၁၁-၁၁-၂၀၂၀ ညနေပိုင်းတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များမှ ရပ်ရွာများအတွင်း လူစုလူဝေးများဖြင့် လှည့်လည် အောင်ပွဲခံခြင်းများကို မပြုလုပ်ကြပါရန် ထိုနေ့ ညနေပိုင်းတွင် ကြေညာ ပန်ကြားခဲ့ကြပါသည်။

လူအစုအဝေးကြားက တိတ်တခိုး ကိုဗစ်
ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘုာ့ရင်းမြစ်များမှ သတင်းအချက်အလက် ထုတ်ပြန်ကြေညာကြရာတွင် ရောဂါပိုးတွေ့နှုန်း(Case Detection Rate) အဖြစ်သာ ထုတ်ပြန်ကြေညာကြပါသည်။ ရောဂါဖြစ်ပွားနှုန်း အဖြစ် မကြေ ညာနိုင်ကြပါ။ ဆိုလိုသည်က ရောဂါ ရှာဖွေနိုင်သည့် အတိုင်းအတာအတွင်းမှ တွေ့ရှိရသည့် အရေအတွက်ကိုသာ ကြေညာခြင်းဖြစ်ပြီး လူအစုအဝေးများအတွင်း တိတ်တဆိတ် ကူးစက်ပြန့်ပွားနေသည့် အခြေအနေမှန်ကို မကြေညာ နိုင်ကြပါ။

အလျင်အမြန် ကိုဗစ်ရောဂါကို စစ်ဆေးနိုင်သည့် (Rapid Diagnosis Test Kits) များကို ရရှိလာသည့်နောက် ယင်း RDT များ၏ မှန်ကန်မှုနှင့် တိကျမှုအရ ကိုဗစ်ရောဂါကို ယင်းသို့ လူအများကို ရောဂါရှာဖွေစစ်ဆေးရာတွင် မသုံးစွဲသင့်ကြောင်း ထောက်ပြပြော ဆိုမှုများရှိစေကာမူ မငြင်းသာသော အကြောင်းတရား အချို့အရ ကုန်တင်ကား မောင်းသူများနှင့် ရွေးကောက်ပွဲအတွက် ယာယီခေါ်ယူထားသော အထူးရဲများတွင် စစ်ဆေးခဲ့ရာမှ ရောဂါပိုး ကူးစက်နေသူများကို တွေ့ရှိလာပြီး ရောဂါလက္ခဏာ မပြပါဘဲ လူစုလူဝေးများတွင် ရောဂါပိုးကူးစက်နေသည့် အခြေအနေများကို သက်သေပြသလို တွေ့ရှိလာကြရပါသည်။ယင်းကြောင့်လည်း ပညာရှင်များက လူထုအတွင်း ရောဂါပျံ့နှံ့လျက်ရှိနှင့်ပြီး ဖြစ်တန်ချေ အလွန်အမင်း များပြားနေကြောင်း ထောက်ပြပြောဆို ကြပါသည်။

အောင်ပွဲခံ လူစုလူဝေးအကြားက ကိုဗစ်
၁၀-၁၁-၂၀၂၀ ရက်နေ့က ရန်ကုန် ဆေးရုံကြီးသို့ ခိုက်ရန်ဖြစ်ပွားကာ ဒဏ်ရာရ ရောက်ရှိလာကြသော အောင်ပွဲခံ လူစုလူဝေးမှ လူနာအချို့အား ကိုဗစ်ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ယင်းတို့အနက်မှ သုံးဦးတွင် ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးမှ ဖွင့်ဟ ပြောဆိုခဲ့ရာ အနယ်နယ်အရပ်ရပ် ယင်းသို့ အောင်ပွဲခံ လူအုပ်ကြီးမှ အုံလိုက် ကျင်းလိုက် ကိုဗစ်ရောဂါ ပြန့်နှံ့နိုင်ချေ ရှိနေကြောင်း သွယ်ဝိုက်သက်သေခံနေသလို ရှိပါသည်။

ရွေးကောက်ပွဲလွန် ပစ္စက္ခကာလ ကိုဗစ် အခင်းအကျင်းနှင့် လားရာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ ကိုဗစ် ၁၉ အား ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သော မတ်လ ၁၁ရက်နေ့မှသည် ယနေ့အထိ ဘေးအန္တရာယ် ရှိနေသော အဆင့်မှ လျှော့ချကြေညာနိုင် ခြင်းမရှိသေးပါ။ အလားတူ ကမ္ဘာ့ မိသားစုဝင်ဖြစ်သော မြန်မာ့ ကိုဗစ်ကပ်ဘေး အနေအထားမှာလည်း ထိန်းချုပ်နိုင်သည့် အခြေအနေ မရှိသေးသလို မြန်မာနိုင်ငံကဲ့သို့ အရာရာ မပြည့်စုံသေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖို့ ယင်းကိုဗစ် ကပ်ဘေးကူးစက်မှု ဖြစ်ပါက မထိန်းချုပ် နိုင်ဖြစ်မည်ကို စိုးရိမ်ရပါကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတို့က စိုးရိမ်စကား ဆိုခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် အများအပြားကို တစ်ပြိုင်တည်း အစုလိုက် အပြုံလိုက် ကူးစက်ပြီး မထိန်းချုပ်နိုင်ဖြစ်ခဲ့ပါမူ အသေအပျောက် အလွန်အမင်း များပြားနိုင်သည့်အတွက် စိုးရိမ်မကင်း ဖြစ်ကြခြင်း ဖြစ်ပါ၏။

လတ်တလော ရည်မှန်းချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ ရင်ဆိုင်နေရဆဲဖြစ်သည့် ကိုဗစ်ကပ်ဘေးကို ပိုမိုမဆိုးရွားစေရန်နှင့် အထိအခိုက် အသေအပျောက် နည်းပါးစေရန်အတွက် အလေးအနက် အာရုံစိုက်ကြရမည့် ကာလ ဖြစ်ပါသည်။

ယင်း ကိုဗစ်ရောဂါ၏ ဘေးနှင့် ဖြစ်ပေါ်လာနိုင်သည့် အစုအပြုံအလိုက် ကူးစက်ခံရပြီး ဆေးရုံများတွင် မနိုင်မနင်းဖြစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှု ဖြစ်လာနိုင်သည့် အနေအထားကို တွေ့လာနိုင်သည်ဖြစ်လေရာ ယင်းဖြစ်နိုင်စွမ်း အလားအလာ အခြေအနေ အရပ်ရပ်ကို ထောက်ရှုကာ မလိုလားအပ်ပါဘဲ အလွန်အကြူး အောင်ပွဲခံနေကြသည့် ဥပဒေနှင့် မညီသော လူအစုအဝေးကို ပါတီအသီးသီးနှင့် အုပ်ချုပ်မှုတာဝန် ရှိသူ အဆင့်ဆင့်တို့မှ စနစ်တကျ ထိန်းသိမ်းကာ ကိုဗစ်၁၉ကြောင့် ဖြစ်ပေါ် လာနိုင်သည့် အလျင်အမြန် ရောဂါ ကူးစက်မှုဘေးကို ရှောင်လွှဲသင့်ပါကြောင်း မေတ္တာဖြင့် ဆိုချင်ပါသည်။

ကိုရိုးဆေး