လေပြင်းကြောင့် မြိတ်တွင် လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီး

0
279

သြဂုတ်လ ၂ ရက်ညနှင့် ၃ ရက်နံနက်တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် မြိတ်ခရိုင်အတွင်း လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

လူနေအိမ် ၅၂ လုံးသည် ပြိုကျပျက်စီးခဲ့ရပြီး ၄၇ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရပြီး လူဦးရေ ငါးရာဝန်းကျင် လေဘေးဒဏ်သင့်ခဲ့ရခြင်း ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

ယင်းတို့အနက် မြိတ်မြို့နယ်တွင် ၃၈ လုံး၊ တနင်္သာရီမြို့နယ်တွင် ၃၄ လုံးနှင့် ကျွန်းစုတွင် ၂၇ လုံး ရှိခဲ့သည်ဟု အထက်ပါဌာန တာဝန်ရှိသူက ပြောသည်။

ပြိုကျ/ပျက်စီးခဲ့သည့် နေအိမ်အများစုမှာ ဓနိမိုးထရံကာနေအိမ်များဖြစ်ကြပြီး ခရိုင်အတွင်း လေဘေးသင့်ခဲ့သည့် ကျေးရွာအနည်းဆုံး နှစ်ဆယ်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် လေဘေးခံခဲ့ရသည့် လူဦးရေငါးရာနီးပါးသည် မိမိတို့ ရွာအတွင်း နီးစပ်ရာဆွေမျိုးများ၏အိမ်တွင် နေထိုင်ခိုလှုံနေကြရပြီး ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သွားရောက် ပေးအပ်လျက်ရှိကြောင်း ယင်းဌာန တာဝန်ရှိသူကဆိုသည်။

လုံးဝပြိုကျပျက်စီးခဲ့သည့်နေအိမ်များအား ငွေကြေး၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်း တစ်ဆယ့်လေးမျိုး၊ တစ်စိတ် တစ်ပိုင်းပြိုသည့် နေအိမ်များအတွက်မူ ငွေကြေးနှင့် ဆန်သာထောက်ပံ့ပေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် မိုးရာသီအတွင်း အလားတူလေပြင်းကြောင့် မြိတ်ခရိုင်အတွင်း အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ရ ဖူးသည်။

ကိုဆန်း