မလွှဲတောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်းမကြီးကို လမ်းချဲ့ရန် လွှတ်တော်တွင် တောင်းဆိုမည်

0
517

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းခြား မလွှဲတောင်ထိပ်မှ ကော့သောင်းမြို့အထိ ပြည်ထောင်စုလမ်းမကြီးအား အကျယ်ပေ ၁၀ဝ အထိချဲ့ပေးရန် ပြည်သူ့လွှတ်တော်တွင် တောင်းဆို မည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။

တနင်္သာရီတိုင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် လောင်းလုံးနှင့် ကျွန်းစုမြို့နယ်မှလွဲပြီး ကျန်ရှစ်မြို့နယ်သည် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေပြီး တနင်္သာရီတိုင်း၏ အဓိက ဆက်သွယ်ရေးလမ်းမကြီး ဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

ပြည်ထောင်စုလမ်းမ အင်္ဂါရပ်အတိုင်းဆိုပါက လမ်းကျယ် ပေ ၁၀ဝ ရှိရမည်ဖြစ်သော်လည်း အချို့နေရာများတွင် ပေသုံးဆယ်ခန့်သာရှိကြောင်း သရက်ချောင်းမြို့နယ် လမ်းပိုင်းတစ်ခုကို ဥပမာပေးပြီး ဦးအောင်စိုးက ပြောသည်။

ယင်းကဲ့သို့ တနင်္သာရီတိုင်း၏အဓိက ဆက်သွယ်ရေးလမ်းမကြီးလည်းဖြစ်၊ ပြည်ထောင်စုလမ်းအင်္ဂါရပ်နှင့် လည်းမညီသေးသည့်အတွက်ကြောင့် လမ်းချဲ့ရန်လိုအပ်လာသဖြင့် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် မေးခွန်းတင်ထားပြီး တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းလုံး ငွေစုအမှု အစိုးရထံ အကူအညီတောင်း

“ကျွန်တော့်ကိုတော့ ဒီလာမယ့်ဘတ် ဂျက်မှာလုပ်ပေးမယ်လို့တော့ အောက်ခြေ (တိုင်းဆောက်လုပ်ရေးဌာန) မှာတော့ ဖြေထားပြီးပြီ။ အစိုးရသက်တမ်းပဲ ကုန်တော့မယ်။ လုပ်ပေးမယ်ပဲ ပြောနေတယ်။ ကျွန်တော် ပြည်ထောင်စုကို မေးမှဖြစ် မယ်ဆိုပြီးတော့ လွှတ်တော်မှာ မေးခွန်းတင်လိုက်တာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းမေးခွန်းကို ဇူလိုင်လ ၃၀ ရက်ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးရန်တင်သွင်းထားပြီးမှ နာရေးကိစ္စတစ်ခုဖြင့် ခွင့်ယူလိုက်ရသောကြောင့် မေးခွင့်မရသေးကြောင်း ၎င်းက ပြောသည်။

သြဂုတ်လ ၇ ရက်အထိမူ မေးခွန်းမေးသည်ကို မတွေ့ရသေးပေ။ ပြည်သူ့ လွှတ်တော်အစည်းအဝေးများမှာ ယခု တစ်ပတ်တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။

တနင်္သာရီတိုင်း၏ တစ်ခုတည်းသော ပြည်ထောင်စုလမ်းမကြီးသည် မလွှဲတောင်ထိပ်မှ ကော့သောင်းမြို့အထိ မိုင်ပေါင်းငါးရာဝန်းကျင် ရှည်လျားသည်။

ကျော်သူစိုး