ယာယီပိတ်ထားသည့် ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ဟုဆို

0
432

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာအကြားရှိ ယာယီပိတ်ထားသည့် ပနပ်ငယ်ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံမှ သိရသည်။

ကိုဗစ်ကာလအတွင်း ပနပ်ငယ် ရေတံခွန်သို့ လာရောက်လည်ပတ်သူများမှာ လူစုလူဝေးဖြစ်နေကြခြင်းနှင့် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားမည်စိုးရခြင်းတို့အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

ရေတံခွန်လည်ပတ်ခွင့်အား ယာယီပိတ်ထားသော်လည်း လည်ပတ်မှုအချို့ ရှိနေကြောင်းကို သြဂုတ်လ ၆ ရက်နေ့က ဘန်းလမွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အကြောင်းကြာလာခဲ့သဖြင့် သိရှိခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးက ပြောပြသည်။

“မလိုက်နာရင် အရေးယူရမယ်လို့ ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။

ပုဒ်မ ၁၈၈ မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန် ကြေညာထားသည့် အမိန့်အားဖီဆန်ခြင်းဖြစ်ပြီး အများဆုံး ထောင်ဒဏ်ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေကျပ်တစ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ခုစလုံး ချမှတ်နိုင် ကြောင်း သိရသည်။

အဆိုပါ ရေတံခွန်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစပြီး ရုံးပိတ်များဖြစ်သည့် စနေ၊ တနင်္ဂနွေ‌နေ့နှင့် အားလပ်ရက်တို့တွင် ရပ်ဝေး/ရပ်နီးမှ အလည်ပတ်အပန်းဖြေ လာကြသူများဖြင့် စည်ကားနေကြောင်း ဘန်းလမွတ် ကျေးရွာနေသူတို့ထံမှ သိရသည်။

ပနပ်ငယ် ရေတံခွန်အား လက်ရှိတွင် ယာယီပိတ်ထားခြင်း ဖြစ်ပြီး ကိုဗစ်ကာလပြီးဆုံးချိန်တွင် ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောပြသည်။

ကိုဗစ်ကာလအတွင်း လူငါးဦးအထက် ပိုမိုစုဝေးခြင်းမပြုရန် တားမြစ်ထားခဲ့ပြီး ယခု သြဂုတ်လ ၁ ရက်နေ့မှစပြီး လူ ၁၅ ဦးဖြစ်စေ၊ ၁၅ ဦးအထက်ဖြစ်စေ စုဝေးခြင်းမပြုရန်ဟူ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့က ပြင်ဆင်ထုတ်ပြန်ထားသည်။

မြင့်မိုရ်(မြိတ်)