လစ်လပ် ထားဝယ်စည်ပင် ကော်မတီဝင်နေရာ ပြန်ရွေးရန် ပြင်

0
418

လစ်လပ်သွားသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး၏ လစ်လပ်နေရာ အစားထိုးနိုင်ရန် စတင်ပြင် ဆင်နေပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကော်မတီဝင်ဖြစ်သူ ဦးဇော်လေးက ပါတီတာဝန်ထမ်းဆောင်ရန် နုတ်ထွက် သွားသည့်အတွက် ယင်းနေရာကို အစားထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဦးဇော်လေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။

ထိုသို့ အစားထိုးရွေးချယ်ရန် စည်ပင်သာယာရေးဥပဒေအရ မြို့မိမြို့ဖ တစ်ဦးစီကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်စု ကိုယ်စားလှယ် ငါးဆယ်ရာခိုင်နှုန်းကျော်က ရွေးချယ်ထားသူများ၏ အမည်စာရင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်/ကျေးများကို ညွှန်ကြားထား သည်။

သက်ဆိုင်ရာရပ်/ကျေးက ရွေးချယ်ထားသည့် ကော်မတီဝင်လောင်းဦးရေ များပြားပါက မြို့တော်ခန်းမတွင် ရွေးချယ်ပွဲလုပ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

ရွေးချယ်ပွဲကိုမူ အချိန်ရပါက လာမည့်အပတ်အတွင်း ပြုလုပ်ရန် လျာထားကြောင်း ၎င်းက ပြောသည်။

“နောက်တစ်ပတ်အပြီးလုပ်မလား၊ အာဇာနည်နေ့အပြီး လုပ်မလားတော့ မသိသေးဘူး” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။

စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ပါက အသက် ၃၅ နှစ်ပြည့်ရန်လိုအပ်သည်။