တိုင်းအစိုးရကိုတရားစွဲထားသည့်အမှု တရားရုံး ပယ်ချ

0
450

အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်း ငါးသောင်းရလိုမှုဖြင့် အစိုးရ ကို စူပါလိုကယ်ကုမ္ပဏီက တရားစွဲဆိုထားမှုကို တိုင်းဒေသကြီးတရားလွှတ်တော်က ဇူလိုင်လ ၆ ရက်နေ့ရုံးချိန်းတွင် ပလပ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အထွေထွေလျော်ကြေးငွေရလိုမှု တရားမမှု အဆိုလွှာကို ယခုနှစ် မတ်လ ၁၂ ရက်က တိုင်းတရားလွှတ်တော်ထံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုလွှာ၊ အချေလွှာနှင့် နှစ်ဖက်တင်ပြသည့် စာရွက်စာတမ်းများနှင့် အဆိုလွှာ အချေလွှာများအရ တရားစွဲဆိုရမည့် သတ်မှတ်အချိန်ကာလ (ကာလ စည်းကမ်းသတ်) ကျော်လွန်နေသည့်အတွက် ယင်းကဲ့သို့ ပလပ်ခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ကာလစည်းကမ်းသတ်ဥပဒေအရ နစ်နာသည်ဟု စတင်သိရှိချိန်မှ ၁ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သော်လည်း လက်ရှိအမှုမှာ အချိန် ၃ နှစ်ကျော်ပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံ ဝင်းအတွင်း ၈ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်သည့်ကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုကြောင့် နစ်နာရသည်ဟုဆိုကာ ကုမ္ပဏီဘက်မှ တရားမကြောင်းအရ စွဲဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအဝင် ၇ ဦးအပေါ် အထွေထွေလျော်ကြေး ငွေရလိုမှုဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။

“တရားလို စူပါလိုကယ်ကုမ္ပဏီရဲ့ စွဲဆိုမှုဟာ ကာလစည်းကမ်းသတ် ကျော်လွန်နေတဲ့အတွက် ပလပ်တဲ့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

အမှန်တရားပေါ်ပေါက်လာရေးအတွက် ယင်းအမှုကို အယူခံဝင်သွားမည် ဖြစ်ကြောင်း စူပါလိုကယ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက ဆိုသည်။

“အမှန်တရားတစ်ခု ပေါ်ထွက်လာဖို့အတွက် အစအဆုံးလုပ်ရမှာပေါ့။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့”ဟု ဦးတင်ထွန်းက ပြောသည်။

ကုမ္ပဏီအနေဖြင့် တိုင်းတရားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံဝင်နိုင်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စတင်ဆောက်လုပ်ခဲ့သည့် ယင်းအဆောက်အအုံကို အရည်အသွေးမမီ ဟုဆိုကာ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းရပ်ဆိုင်းစေခဲ့သည်။