ဖခင်က သားကို တုတ်ဖြင့် ရိုက်သတ်

0
2909

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်၊ လဲရှောင်ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဖခင်က သားဖြစ်သူကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရေနက်ဆိပ်ကမ်း နယ်မြေရဲစခန်းထံမှ သိရသည်။

ရေဖြူမြို့နယ် ၁၈ ကီလိုမီတာ လမ်းမကြီး၏ နံဘေး ပေ ၂၀ အကွာတွင် လူတစ်ဦးမှောက်လျက် လဲနေသည်ကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိရသဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း အထက်ပါရဲစခန်း ရဲအုပ် တင်ဆန်းဦးထံမှ သိရသည်။

၎င်းသည် ဥယျာဉ်ခြံအတွင်း ဖခင်နှင့် အတူနေထိုင်ပြီး အမဲလိုက်ခြင်း၊ ငါးထောင်ခြင်းတို့ဖြင့် အသက်မွေးသူ ဖြစ်သည်။

၎င်းသည် ယခင်ကတည်းကပင် ဖခင်နှင့် စကားများရန်ဖြစ်သည့်အချိန်တိုင်း ဖခင်ဖြစ်သူကို အသက်သေစေနိုင်လောက်သည်အထိ အန္တရာယ်ပြုခဲ့ဖူးသူဖြစ်ပြီး မသေဆုံးမီညက မူးယစ်ရမ်းကားပြီး ဖခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ကာ တောလိုက်ထွက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တောလိုက်ရာမှ ပြန်လာစဉ် ဖခင်ဖြစ်သူက လမ်းမှတားဆီးကာ တုတ်ဖြင့် ဇက်ပိုးကို ရိုက်ချိုးခဲ့ကြောင်း ရေနက်ဆိပ်ကမ်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

ထို့နောက် အလောင်းကို‌ နေရာရွှေ့ရန် အသက် ၂၀ အရွယ် အငယ်ဆုံးသားဖြစ်သူကို ဖုန်းဆက်ခေါ်ပြီး လမ်းဘေးတွင် လာပစ်ခဲ့ကြောင်း ရေနက်ဆိပ်ကမ်း နယ်မြေရဲစခန်း ရဲအုပ်တင်ဆန်းဦးထံမှ သိရသည်။

၎င်းအမှုကို ရေနက်ဆိပ်ကမ်း နယ်မြေရဲစခန်းမှ ၇ ရက်နေ့က ပ ၁၇/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားခဲ့သည်။

ယင်းအခင်းဖြစ်ပွားသည့်နေ့တွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အမှုစစ်အဖွဲ့က ဆွေမျိုးသားချင်းများနှင့် သေဆုံးသူ၏ အပေါင်းအဖော်များကို စစ်ဆေးခဲ့သည်။

ထို့နောက် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် အပြစ်ကျူးလွန်သူကိုယ်တိုင် ဖြောင့်ချက်ပေး အဖမ်းခံခဲ့ကြောင်း ရေနက်ဆိပ်ကမ်းနယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းကဲ့သို့ ဖခင်က သားဖြစ်သူကို ရိုက်သည်သည့်အမှုမျိုးမှာ ရေဖြူမြို့နယ် တစ်ဝိုက်တွင် ဖြစ်တောင့်ဖြစ်ခဲ့အမှု ဖြစ်သည်။

“သားသမီးက မိဘကို သတ်တဲ့ အမှုတွေတော့ အမြဲကြားရတယ်။ အခုလို မိဘက သားသမီးကို သတ်တယ်ဆိုတာတော့ ရှားတယ်” ဟု လဲရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြောသည်။

၎င်းင်းသေဆုံးသူသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး သတိထားစောင့်ကြည့် ခံနေရသူဖြစ်ကြောင်း လဲရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြောသည်။

ပြစ်မှုကျူးလွန်သူ ဖခင်ဖြစ်သူနှင့် အငယ်ဆုံးသားကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်နေကြောင်း ရေဖြူမြို့နယ် ရဲစခန်းထံမှ သိရသည်။

ပြည့်ဖြိုး