အချည်းနှီး မြိတ်မြို့ ပြစီမံကိန်းမှ တောင်သူဒုက္ခ

0
723

မိုးရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် တစ်နိုင်လုံးရှိလယ်စိုက်တောင် သူများ အစိုးရမှထုတ်ချေးသည့် မိုးစပါး ချေးငွေများရရှိကာ လယ်ယာစိုက်ပျိုးရန် လုပ်ငန်းခွင်သို့ ဝင်ရောက်နေကြပြီဖြစ်သည်။

အစိုးရမှ လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လူတစ်ဦးလျှင် ဆယ်ဧကအထိ တစ်နိုင်ငံလုံးရှိ လယ်သမားများကို နှစ်စဉ်ထုတ်ချေးလျက် ရှိသည်။

သို့သော် အစိုးရ ထုတ်ချေးသည့် ချေးငွေမရသဖြင့် လယ်မလုပ်နိုင်ဘဲ လွန်ခဲ့သည့် ၁၆ နှစ်ကတည်းက ယနေ့အထိ ရပ်နားထားရသည့် တောင်သူလယ်သမားများ မြိတ်မြို့နယ်၊ ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာအုပ်စုတွင် ရှိနေကြဆဲ ဖြစ်သည်။

မြိတ်တစ်ဖက်ကမ်းရှိ ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာအုပ်စုအား မြို့ပြစီမံကိန်းအဖြစ် ဖော်ဆောင်ရန် ၂၀၀၄ ခုနှစ်မှစ၍ အစိုးရမှ သိမ်းဆည်းခဲ့ပြီးနောက် ယနေ့အချိန်အထိ လယ်သမား တစ်ထောင်ကျော်ခန့်မှာ အစိုးရ ထုတ်ချေးသည့် မိုးစပါးစိုက်ပျိုးစရိတ် မရရှိကြတော့။

မြို့ပြစီမံကိန်းအဖြစ်ပြုလုပ်ရန် လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ ဓနိတောမြေနှင့် တောရိုင်းမြေ အပါအဝင် စုစုပေါင်း ၅၅၀၃ ဧကကို အစိုးရမှ သိမ်းဆည်းခဲ့သည်။ ယင်းတွင် ဒေသခံတောင်သူ ၁၀၉၂ ဦး၏ လယ်မြေ ၁၂၇၉ ဧက၊ ဥယျာဉ်ခြံ ၃၄၂၇ ဧက၊ ဓနိမြေ ၃၉၀ ဧကနှင့် တောရိုင်းမြေ ၄၀၆ ဧက ပါဝင်ခဲ့ကြောင်း မြိတ်မြို့နယ်လယ်ယာ မြေနှင့်စာရင်းအင်းဌာနမှ မှတ်တမ်းအရ သိရသည်။

ယင်းသို့သိမ်းဆည်းခံရပြီး နောက်ပိုင်း တောင်သူအများစုမှ လယ်မြေများအား ယနေ့အချိန်အထိ ပစ်ထားလိုက်ကြသည်။ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသူများရှိခဲ့ကြသလို တောင်သူအချို့သည်လည်း ဒေသတွင်း အခြားကြုံရာကျပန်း အလုပ်များလုပ်ကိုင်ကြရ သည်။

ယင်းကာလအတွင်း တောင်သူအချို့ကမူ အစိုးရချေးငွေ မရသော်လည်း ပြင်ပမှချေးငှားပေါင်နှံ၍ လတ်တလော စားဝတ်နေရေးဖြေရှင်းရန် လယ်ဆက် လုပ်ကြသူများလည်း ရှိခဲ့ကြသည်။

“စီမံကိန်းကလည်း ဖြစ်မလာခဲ့ဘူး။ နှစ်ပေါင်းများစွာ ကျွန်တော်တို့တောင်သူ တွေ ဒုက္ခရောက်ခဲ့ကြရတယ်” ဟု ကျောက်ဖျာ ကျေးရွာအုပ်စု၊ အဒွင်းကျေးရွာနေ အသက် ၆၂ နှစ်ရှိ တောင်သူ ဦးသန်းခင်က ပြောသည်။

ဆယ်စုနှစ်နှစ်ခုနီးပါး ကြာလာပြီးနောက် မြို့ပြစီမံကိန်းလည်း ဖြစ်မြောက်မည့်လက္ခဏာမတွေ့ရ။ တောင်သူများ၏ လယ်ဧကပေါင်းများစွာလည်း လုပ်ကိုင်ရန် ချေးငွေမရဘဲ ပစ်ထားသည့်အတွက် ဒေသခံတောင်သူအဖို့ နှစ်ပေါင်းများစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုအချိန်တွင် တောင်သူများကို ငွေထုတ်ချေးပေးသည့် လုပ်ငန်းရှင်တစ်ဦး ရှိသည်။

အိုကေဆန်စက် လုပ်ငန်းရှင် ဦးမောင်ထွေးက သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများအား တင်ပြကာ ၂၀၁၈ ခုနှစ်မှ စတင်၍ ယင်းကျေးရွာအုပ်စုရှိ လယ်သမား အချို့အား တတ်နိုင်သလောက်ငွေဖြင့် မိုးစပါးချေးငွေ အတိုးမဲ့ ထုတ်ချေးခဲ့ သည်။

“ပုံစံ(၇)မရှိတော့ ကျွန်တော်တို့ အစိုးရချေးငွေ မရကြဘူး။ အဲဒါကို အိုကေကုမ္ပဏီက အစိုးရနှုန်းထားအတိုင်း ထုတ်ချေးပေးတယ်။ ဒီနှစ်ဆိုရင် သုံးနှစ် ရှိပြီ။ အတိုးလည်း မပေးရဘူး သူချေးလို့လည်း လယ်သမားတွေမှာ လယ်လုပ်ဖို့ အဆင်ပြေသွားကြတယ်” ဟု ကျောက်ဖျာ ကျေးရွာအုပ်စု၊ ကဘင်းကျေးရွာနေ တောင်သူ ဦးမောင်မြင့်က ပြောပြသည်။

၂၀၁၈ ခုနှစ်တွင် အိုကေဆန်စက် ပိုင်ရှင်မှ ကျောက်ဖျာကျေးရွာအုပ်စုအတွင်း တောင်သူ ၅၆ ဦး၏ လယ်မြေ ၃၆၄ ဧကအတွက် မိုးစပါးချေးငွေ ၅၆၄ သိန်းအား ထုတ်ချေးခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တောင်သူ ၄၈ ဦး၏ လယ်ဧက ၃၄၇ အတွက်ကျပ်သိန်း ၅၂၀ နှင့် ယခုနှစ် တွင် တောင်သူ ၅၂ ဦး၏ လယ် ၃၆၆ ဧကအတွက် ချေးငွေကျပ် သိန်း ၅၄၀ အား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြိတ်မြို့နယ်၊ တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌဖြစ်သူ ဦးမျိုးဆွေ က ပြောပြသည်။

“သူကစပါးလိုလို့ ထုတ်ပေးတာ မဟုတ်ဘူး။ စပါးပေါ်ရင် ကြိုက်တဲ့နေရာ ဈေးကောင်းတဲ့နေရာမှာရောင်းကြ။ သတ်မှတ်ချိန်ကျရင် ချေးထားတဲ့ငွေ ပြန်လာဆပ်။ အတိုးမယူဘူး။ စချေးကတည်းက အဲဒီလိုပြောပြီး ချေးခဲ့တာ” ဟု ၎င်းင်းက ပြောပြသည်။

နောက်ထပ် ပြဿနာ တစ်ခုမှာ စပါးထွက်ချိန်တွင် ဖြစ်သည်။ စပါးထွက်ချိန် စုပြုံရောင်းကြသည့် အတွက် လယ်သမားများ ဈေးကောင်း မရကြ။ သိုလှောင်ထားရန်မှာလည်း နေရာအခက်အခဲ ရှိသည်။

ယင်းကြောင့် လယ်သမားများ စပါးဈေးကောင်းသည့်အချိန် ထုတ်ရောင်း နိုင်ရန်အတွက် စပါးသိုလှောင်ရုံတစ်ခုကို လာမည့်နှစ်တွင် ဆောက်လုပ်ပေးနိုင်ရန် စီစဉ်နေကြောင်း ဦးမောင်ထွေးက ဆိုသည်။

“ဒီလိုလုပ်ပေးလိုက်နိုင်ရင်တော့ သူတို့ပိုပြီး အဆင်ပြေလာကြမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင်တော့ မြို့ပြ စီမံကိန်းဖျက်သိမ်းပြီး သိမ်းဆည်းထားသည့် မြေများအား ပြန်ပေးရန် တိုင်းအစိုးရမှ ၂၀၁၉ ဒီဇင်ဘာလမှစတင်ကာ စိစစ်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြော သည်။

၁၆ နှစ်တိုင်တိုင် လယ်သမားများအား ဒုက္ခမျိုးစုံပေးခဲ့သည့် မအောင်မြင်သော စီမံကိန်းကြီးကား မကြာမီနိဂုံးချုပ်တော့မည်ဟု မျှော်လင့်ရသည်။

လာမည့်မိုးရာသီတွင် လွတ်လပ်ပေါ့ပါးသည့် စိတ်ဖြင့်လုပ်ငန်းခွင်သို့ပြန် ဆင်းရမည့်အရေး လယ်သမားများက ယုံကြည်မျှော်လင့်နေကြသည်။

မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်ထွေးက တောင်သူများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရသို့ တောင်းဆိုသည်။

“တိုင်းဒေသကြီးအစိုးရအနေနဲ့ စိုက် ပျိုးရေးပညာရှင်တွေ၊ ဆန်စက်လုပ်ငန်း ရှင်တွေ၊ တောင်သူတွေနဲ့ ဝိုင်းဝန်း ပူးပေါင်းပြီး တောင်သူတွေဘ၀ တိုးတက်ဖို့အတွက် ဆောင်ရွက်ပေးဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းချင်တယ်”

ကိုဆန်း