ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ကျင်းပမည်

0
426

ထားဝယ်ခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေးမာရသွန် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညားစီးဌာနထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။

“အဓိကတော့ ကလေးတွေ ဆုလည်း ရစေချင်တယ်။ သွေးသစ်ကစားသမား လေးတွေကို တိုးတက်စေချင်တဲ့ ဆန္ဒပေါ့။ မျိုးဆက်သစ်ရစေချင်တာပဲ” ဟု ဦးခင် မောင်ဌေးက ဆိုသည်။

ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲ ခရီးရှည် မှာ သုံးမိုင်ခန့်သာရှိပြီး တိုင်းနှင့်ပြည်နယ် ပွဲများတွင် ဝင်ရောက်ကစားဖူးသူများကို ပါဝင်ခွင့်မပြုကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို တိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အမျိုးသမီး ၅၀၀၊ အမျိုးသား ၅၀၀ ခန့်လျာထားပြီး ပထမဆုကို ငွေ ကျပ်တစ်သိန်း၊ ဒုတိယဆုက ငွေကျပ် ခုနစ်သောင်း၊ တတိယဆုကို ငွေကျပ် ငါးသောင်းအပြင် အခြားဆုများကိုလည်း အသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်