စိတ်ပညာ ဒုတိယနှစ်ကျောင်းသားထံမှ စိတ်ကြွဆေးမိ

0
1060

စိတ်ပညာသင်ယူနေသည့် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားထံမှ စိတ်ကြွ ဆေး ၁၀ ပြား ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေး သတင်းအရ ဇန်နဝါရီလ ၂၉ ရက် နံနက် စောစောတွင် ရေဖြူဘက်မှ လောင်းလုံး ဘက်သို့ တက္ကသိုလ်ကျောင်းသား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိန်သစ်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသား၏ လက်အတွင်းကိုင်ထားသည့် WY စိတ်ကြွ ဆေး ၁၀ ပြားနှင့် ကျောင်းသားကတ် တစ်ခုကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက်ပါအမျိုးသားကို မေးမြန်း ရာ အဆိုပါစိတ်ကြွဆေးများကို တောင်မင်းပြောင်ရွာနေ အမျိုးသားတစ်ဦးထံမှ တစ်ပြားလျှင် ကျပ်လေးထောင်ဖြင့် ဝယ်ယူ ထားသည်ဟု ထွက်ဆိုကြောင်း ရဲမှတ် တမ်းအရ သိရသည်။

မူးယစ်ဆေးရောင်းချသည်ဆိုသည့် အမျိုးသားကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ် ဆေးဖမ်းမိသည့် အမျိုးသားနှင့် စုံစမ်း ဆဲအမျိုးသားကို မောင်းမကန်နယ်မြေ ရဲစခန်းတွင် သက်ဆိုင်ရာ မူးစိတ်ပုဒ်မ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch