ထားဝယ်လေယာဉ်ကွင်းလမ်းတွင် အတွဲများ မတော်တရော် မလုပ်ရ

0
1071

ထားဝယ်မြို့ရှိ လေယာဉ်ကွင်းလမ်းတွင် အတွဲများ အမြင်မတင့်တယ်အောင် ပြုမူနေထိုင်ပါက တားမြစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။ လေယာဉ်ကွင်းလမ်းသည် အများ ပြည်သူကျန်းမာရေးအတွက် လမ်းလျှောက်ခြင်း၊ အနားယူခြင်းများ ပြုလုပ်ကြသည့်အပြင် အများပြည်သူ သွားလာသည့် လမ်းဖြစ်ခြင်းကြောင့် အတွဲများ မတော်တရော် ပြုမူခြင်းနှင့် လူငယ်များ အရက်ဘီယာ သောက်စားခြင်းတို့ကို တားမြစ်မည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

“အများပြည်သူသွားလာတဲ့နေရာမှာ မတင့်တဲ့ အရက်သောက်တာတို့ အတွဲတွေ မသင့်မတော် လုပ်တာတွေပေါ့”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။ အများအမြင်မတင့်အောင် မလုပ်ဆောင်ကြရန် ဗီနိုင်းပြားများဖြင့် သတိပေးမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက အရေးယူမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။ သတိပေးဗီနိုင်းများကို မတ်လနောက်ဆုံးပတ်တွင် စိုက်ထူမည်ဖြစ်ပြီး ပထမအကြိမ်တွင် သတိပေးကာ ထပ်မံဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လူတိုင်းတွင် လွတ်လပ်ခွင့်ရှိသော်လည်း ပတ်ဝန်းကျင် အမြင်မကောင်းသည်အထိ မဖွယ်မရာ လုပ်ခြင်းကို တားဆီးရမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ဦးတင်စိုးဝေက ဆိုသည်။ “လူ့အခွင့်အရေးကို လက်ညှိုးထိုးပြီး လုပ်ချင်တာလုပ်မယ်ဆိုရင် ယဉ်ကျေးမှုစည်းကို ဖျက်ဆီးတာပဲ၊ ခွင့်မပြုသင့်ဘူး”ဟု ဦးတင်စိုးဝေက ပြောသည်။ မြိတ်မြို့ရှိ လေယာဉ်ကွင်းလမ်းတွင်လည်း ယင်းကဲ့သို့ တားမြစ်ကာ အရေးယူလုပ်ဆောင်မှုများ ရှိသည်