နည်းပညာ တက္ကသိုလ်၏ တစ်နှစ်တာအစီအစဉ် ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ ပူးပေါင်း ရေးဆွဲ

0
392

ထားဝယ် နည်းပညာတက္ကသိုလ်တွင် ယခုနှစ်အတွက် တစ်နှစ်အတွင်း လ အလိုက် ပြုလုပ်မည့် တက္ကသိုလ် ဖွံ့ဖြိုး ရေးလှုပ်ရှားမှု အစီအစဉ်များကို ယင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှ ဆရာ ဆရာမများက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ပူးပေါင်းရေးဆွဲခဲ့ကြောင်း ကျောင်း သားများနှင့် ဆရာ ဆရာမများထံမှ သိရ သည်။
ယင်းသို့ ဆရာနှင့် ကျောင်းသား ပူးပေါင်းရေးဆွဲမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများဘက်မှ ပြုလုပ် လိုသော ကျောင်းတွင်း လှုပ်ရှားမှုများ ပါဝင်လာစေရန် ကျောင်းသားများနှင့် ဆွေးနွေးကာ စာသင်ချိန်နှင့် ချိန်ဆ ထည့်သွင်း ရေးဆွဲပေးကြောင်း ယင်း တက္ကသိုလ်၏ ယာယီမော်ကွန်းထိန်း ဆရာမ ဒေါ်နီနီစိုးက ပြောသည်။
“ဒီတစ်နှစ်တော့ သူတို့ကိုခေါ်ပြီး ဒါတွေ လုပ်ဖို့ရှိတယ်။ ချိန်ပေးတာပေါ့။ စာသင်ချိန်နဲ့ သူတို့လုပ်ချင်တဲ့ ပွဲတွေ။ ထပ်တောင်း ဆိုတာတွေ၊ ဒီနှစ် ပြည့် ပြည့်စုံစုံ ဖြစ်သွားအောင် ကြိုပြီး အားလုံး လုပ်မဲ့ဟာတွေ ဆွေးနွေးကြတာပါ”ဟု ဆရာမ ဒေါ်နီနီစိုးက ပြောသည်။

ကျောင်းသားသမဂ္ဂအား ဆွေးနွေး ရန် ခေါ်ယူရာတွင် အချိန်နီးကပ်လွန်းသဖြင့် သမဂ္ဂအနေဖြင့် ကြိုတိုင်ပင် ညှိနှိုင်းခွင့် မရလိုက်သော်လည်း ယခုကဲ့သို့ ခေါ်ယူ ဆွေးနွေးမှုကို ကြိုဆိုကြောင်း ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောသည်။
“မနက်ဖြန်လုပ်မယ့်ဟာကို ဒီနေ့ မျိုး ခေါ်တာဆိုတော့ သမဂ္ဂအမှုဆောင် တွေ ကြိုဆွေးနွေးခွင့် မရလိုက်ဘူးပေါ့၊ နောက်ဆို ကြိုခေါ် စေချင်တယ်၊ တချို့ ဟာတွေ ပြန်ဖြည့်ရမဲ့ဟာတွေ ရှိမယ်၊ ပြန်ညှိရမယ့်ဟာတွေ ရှိမယ်၊ အခုလို ခေါ်ဆွေးနွေးတာတော့ ကြိုဆိုပါတယ်”ဟု ကိုအောင်ခန့်မော်က ပြောသည်။

ယင်းသို့ တက္ကသိုလ်၏ တနှစ်တာ လုပ်ဆောင်ချက်များအတွက် ကျောင်းသား များအား ခေါ်ယူ ညှိနှိုင်းမှုကို တိုးတက်မှု တစ်ခုအဖြင့် ရှုမြင်ကြောင်း ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ကိုစည်သူနိုင်က ပြောသည်။
“ကျောင်းသားတွေကို ခိုင်းကောင်း ရုံ ဟန်ပြ ခေါ်ယူဆွေးနွေးပြရုံမျိုးတော့ လုံးဝ မဖြစ်စေချင်ဘူး” ဟု ကိုစည်သူနိုင် က ပြောသည်။