ဖာပွန် ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို KNLA နှင့် တော်လှန်ရေးအဖွဲ့များထိန်းချုပ်

0
297
Photos - MOD/ KNU-Mutraw News

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။

ခမရ ၄၃၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၂၅ ရက် တစ်ရက်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲယူ-မူတြော်က ထုတ်ပြန်သည်။

ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Force for Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက မတ်လ ၁၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း MOD ထံမှ သိရသည်။

ခမရ ၄၃၄ တပ်ရင်းကို သိမ်းယူရာတွင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း MOD ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းထားသော်လည်း လတ်တလောတွင် စစ်ပူကာလ ဖြစ်နေသဖြင့် စာရင်းအတိအကျကို မရေတွက်ရသေးဖြင့် မကြာမီ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကေအဲယူ-မူတြော်က ဖော်ပြသည်။

“လုပ်ငန်းရဲ့လုံခြုံရေးအရ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ်မြောက်ခဲ့သမျှကို ကောက်ကာ ငင်ကာထပြီး မဖော်ပြချင်သေးဘူး။ သို့ပေသိ လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်သူတွေ စိတ်ကုန်လက်ပန်းကျစရာ အကြောင်း အရာတွေ တွေ့နေရတော့ မဖော်ပြမဖြစ် ဖော်ပြပေးရခြင်းဖြစ်တယ်” ဟု ရှေ့တန်းစစ်မျက်နှာအတွင်းရှိနေသည့် ဗိုလ်အယ်ခူစိုးက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

မြဝတီတွင် တိုက်ပွဲပြင်းထန်နေချိန် KNLA ဘက်က ဧပြီလ ၂၁ ရက်တွင် နောက်ဆုတ်သွားပြီးနောက် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို နယ်ခြားစောင့်တပ်အကူအညီဖြင့် စစ်ကောင်စီက ပြန်လည်တပ်စွဲနိုင်ခဲ့သည့်အပေါ် KNU ဝေဖန်ခံနေရသည်။

ဖာပွန်စစ်ဆင်ရေးစတင်ပြီးနောက် ငါးရက်အကြာ မတ်လ ၂၄ ရက်တွင် ဖာပွန်မြို့ ရဲစခန်းနှင့် ကင်းစခန်းများကို သိမ်းယူ နိုင်ခဲ့ပြီး မတ်လ ၂၆ ရက်တွင် ဖာပွန်မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း MOD ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၃၀ ရက်တွင် ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း MOD က ဆိုသည်။