မြဝတီတိုက်ပွဲများကြောင့် စားသုံးဆီ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
271

ထိုင်းကုန်စည်များ အဓိကဝင်ပေါက်ဖြစ်သော မြဝတီမြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ထားဝယ်ဈေးကွက်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီဈေး အနည်းငယ်မြင့်နေသည်။

ပြီးခဲ့သည့်အပတ်က ပုစွန်နှစ်ကောင်ဆီ တစ်လီတာကော်ဘူး တစ်ဘူး ၅၁၀၀ ကျပ်သာရှိရာမှ ယနေ့ ၅၇၀၀ ကျပ်၊ပဲလုံးဆီ မှာ ၆၀၀၀ ကျပ်မှ ၆၁၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် မြဝတီနယ်စပ်ဂိတ်ပိတ်ထားလိုက်ပြီဖြစ်ရာ ထိုင်းကုန်စည်များ ဆက်လက်စျေးတက်ဖွယ်ရှိပြီး ထားဝယ်ဒေသတွင် အသုံးများသည့် ထိုင်းစားသုံးဆီဈေးမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သို့သော် ဆန်ဈေးနှင့် ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမှာ ဇယားပါ ဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်။

ကြက်သွန်နီဈေးမှာ ယခင်အပတ်ကထက် တစ်ပိဿာ ကျပ် ၂၀၀ ခန့်ဈေးကျသွားသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ကျပ် ရှိရာမှ ယနေ့ ၂၈၀၀ ကျပ်သာကျန်တော့သည်။

ကြက်သွန်နီဈေးအနည်းငယ်ကျသော်လည်း ကြက်သွန်ဖြူမှာ အနည်းငယ် ဈေးမြောက်နေသည်။

ယခင်အပတ်က ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိဿာ ၉၅၀၀ ကျပ်သာရှိရာက ယနေ့ တစ်ပိဿာ ကျပ်တစ်သောင်းဖြစ်သွားသည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

သင်္ကြန်ကာလ ငါးဖမ်းလှေများ နားနေရက်ဖြစ်သည့်အတွက်ကြောင့် ထားဝယ်ဈေးကွက်၏ ရေထွက်ကုန် ငါး၊ပုစွန်ဈေးနှုန်းများမှာ ယခုအပတ်တွင်ဈေးအမြင့် ဘက်တွင်ရှိနေသည်။