တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
427

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ

တူရကီက အစ္စရေးအပေါ် ကုန်သွယ်ရေးပိတ်ဆို့

ဂါဇာဒေသမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေး မပြောမချင်း တူရကီနိုင်ငံက အစ္စရေးကို ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သွားမယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပိတ်ဆို့မှုတွေထဲမှာ အလူမီနီယံ၊ သံမဏိ၊ ဘိလပ်မြေ၊ လေယာဉ် လောင်စာဆီ၊ ဓာတ်မြေသြဇာအပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးအထိ ပါဝင်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကတဆင့် အကူအညီတွေ ပေးအပ်သွားမယ်လို့ တူရကီက တောင်းဆိုခဲ့တာကို အစ္စရေးဘက်က အရင် ကန့်ကွက်ခဲ့တာပါ။

နောက်ရက်မှာတော့ အခုလို ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ တူရကီရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြန်ပိတ်ဆို့သွားမယ်လို့ ဆိုထားပါတယ်။

Ref: AP

………………………………..

ကမ္ဘာတဝန်း အစ္စလာမ် ဘာသာဝင်တွေ Eid al-Fitr ပွဲတော် ကျင်းပ

အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ပွဲတော်တွေကို ဒီရက်ပိုင်းထဲ ကမ္ဘာတဝန်း ကျင်းပခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြတာပါ။

ဝတ်ပြုဆုတောင်းပွဲတွေနဲ့အတူ စတုဒီသာပွဲတွေနဲ့ လှူဒါန်းပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။

ဂါဇာဒေသ ပါလက်စတိုင်းဒေသခံတွေကတော့ တိုက်ခိုက်မှုတွေကြား ပျက်စီးနေတဲ့ ဗလီကျောင်းတချို့တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဂျေရုဆလင်မြို့ဟောင်းက al-Aqsa ဗလီဝန်းထဲမှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။

ဥပုသ်ရာသီ ကုန်ဆုံးချိန် သတ်မှတ်တာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သတ်မှတ်ချက်အရ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့ အချိန်ကစပြီး သတ်မှတ်တာကြောင့်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ်ချိန်တွေ ကွာခြားပါတယ်။

Ref: Aljazeera

………………………………..

ဟောင်ကောင် အဆောက်အဦး မီးလောင်မှုကြောင့် ၅ ဦး သေဆုံး

ဟောင်ကောင်က အထပ်မြင့် အဆောက်အဦးတစ်ခုမှာ ဧပြီလ ၁၀ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့လို့ လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူပေါင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

လူပေါင်း ၂၅၀ ကိုလည်း အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။

၁၆ ထပ် အဆောက်အဦးရဲ့ အားကစားလေ့ကျင့်ခန်းနဲ့ တည်ခိုခန်းတွေရှိတဲ့ ပထမထပ်နဲ့ ဒုတိယထပ်မှာ မီးလောင်မှု စဖြစ်ခဲ့တာပါ။

သေဆုံးသူတွေဟာ အဆောက်အဦကနေ လွတ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

New Lucky House လို့ခေါ်တဲ့ အဆောက်အဦးက ၁၉၆၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး အခန်းပေါင်း ၂၀၀ ရှိပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Ref: AP

………………………………..

အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ် အိမ်ဖြူတော်မှာ တွေ့ဆုံ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဧပြီလ ၁၀ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးအားမြှင့်လိုတဲ့သဘောနဲ့ တွေ့ဆုံခဲ့ကြတာပါ။

ဂျပန်ဝန်ကြီးချုပ်ကို ဂျပန်ရဲ့ ကာကွယ်ရေး မူဝါဒနဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ ပြောင်းလဲခဲ့တယ်လို့လည်း မစ္စတာ ဘိုင်ဒင် က ချီးကျူးခဲ့ပါတယ်။

နည်းပညာ နဲ့ကာကွယ်ရေး၊ ဒုံးကျည်၊ အာကာသ၊ ဥာဏ်ရည်တု၊ ကွမ်တမ်သီအိုရီ၊ တပိုင်းလျှပ်ကူးပစ္စည်းနဲ့ စွမ်းအင်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် နဲ့ ဂျပန်နိုင်ငံတို့က ကာကွယ်ရေးကိစ္စတွေမှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြောင်း သမ္မတဘိုင်ဒင်က ပြောခဲ့ပြီး စစ်ရေးအရ အားကောင်းလာခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

Ref: BBC

………………………………..

ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး သေဒဏ်ပေးခံရ

ဗီယက်နမ်နိုင်ငံက အိမ်ခြံမြေ လုပ်ငန်းရှင် သူဋ္ဌေးကြီး Truong My Lan ကို နိုင်ငံသမိုင်းမှာ အကြီးမားဆုံးငွေကြေးလိမ်လည်မှု နဲ့ ဗီယက်နမ် တရားရုံးက ဧပြီလ ၁၁ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

သူက အသက် ၆၇ နှစ်အရွယ် အိမ် ခြံ မြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံလောက်ရှိတဲ့ ငွေတွေကို လိမ်လည်ခဲ့တယ်လို့ တရားရုံးက ဆိုထားတာပါ။

ဒီငွေပမာဏက ၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံ တိုင်းပြည် စုစုပေါင်းဝင်ငွေပမာဏရဲ ၃ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။

ဒါက တိုင်းပြည်ရဲ့ အကြီးဆုံးမှတ်တမ်းတစ်ခုဖြစ်ပါတယ်။

ဒီ အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ သူမကို ၂၀၂၂ အောက်တိုဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

တောင်ကိုရီးယားရွေးကောက်ပွဲ အတိုက်အခံပါတီ အများစု အနိုင်ရ

တောင်ကိုရီးယားနိုင်ငံမှာ ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံ ဒီမိုကရက်တစပါတီနဲ့ သူ့ရဲ့မဟာမိတ်ပါတီတွေ အများစုအနိုင်ရရှိခဲ့ပါတယ်။

မဲအများစု ရေတွက်ပြီးချိန် အမတ်နေရာ ၃၀၀ ရှိတဲ့လွှတ်တော်မှာ အတိုက်အခံဘက်က ၁၉၂ နေရာ အနိုင်ရရှိထားတာပါ။

သူတို့ပါတီကို ထောက်ခံခဲ့တဲ့ ကိုရီးယားပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

လွှတ်တော်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် သမ္မတရဲ့ အာဏာရ People Power ပါတီခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် Han Duck-soo က သူ့တာဝန်ကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။

ပါတီအရေးနိမ့်ခဲ့ရတဲ့အပေါ် သူအပြည့်အဝ တာဝန်ယူတဲ့အနေနဲ့ အရေးပေါ်ကော်မတီဥက္ကဋ္ဌတာဝန်ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟာမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးဦးသေဆုံး

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဟာမတ်စ်ခေါင်းဆောင် တစ်ဦးဖြစ်သူ အစ္စမေးလ် ဟာနီယေး (Ismail Haniyeh) ရဲ့ သား သုံးဦးသေဆုံးသွားခဲ့ပါတယ်။

သေဆုံးမှုကို အစ္စရေးစစ်တပ်နဲ့ ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်မီဒီယာတွေက ဧပြီလ ၁၁ ရက်နေ့က အတည်ပြုထားတာပါ။

အစ္စရေးစစ်တပ်က ဧပြီလ ၁၀ ရက်နေ့ကမှာ ဂါဇာအလယ်ပိုင်းမှာ ဟာနီယေးရဲ့ သားတွေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတုန်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဟားမတ်စ်အဖွဲ့ကတော့ ဂါဇာအနီးက camp တစ်ခုကို သွားနေတုန်း အပစ်ခံရတယ်လို့ ဆိုပါတယ်။

ဟာမတ်စ်ဘက်ကတော့ ဒါဟာ အစ္စရေးရဲ့ လက်စားချေ သတ်ဖြတ်တဲ့ လုပ်ရပ်လို့ စွပ်စွဲထားပါတယ်။

တိုက်ခိုက်မှုအတွင်း ခေါင်းဆောင် ဟာနီယေးရဲ့ မြေး ၄ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

အမေရိကန်တွင် ငွေသိမ်းစက်ထဲ ဒေါ်လာ သန်း ၃၀ ပျောက်ဆုံး

အီစတာပွဲတော် ကျရောက်တဲ့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ နည်းပညာမြင့်ပြီး လုံခြုံရေးထူထပ်စွာ ချထားတဲ့ ငွေသိမ်းစက်ထဲကနေ ဒေါ်လာ သန်း ၃၀ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဒါဟာ လော့စ်အိန်ဂျလိစ်မြို့သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖောက်ထွင်းမှု ဖြစ်ပါတယ်။

ကနေဒါလုံခြုံရေးကုမ္ပဏီ GardaWorld က ငွေတွေကို ဘဏ်မှာ မအပ်ခင်နဲ့ သုံးစွဲမှုမလုပ်ခင် သူတို့ရဲ့ ငွေသိမ်းစက်တွေထဲမှာ သိမ်းဆည်းပေးထားပြီး ညွှန်ကြားတဲ့အတိုင်း ပို့ဆောင်ပေးနေပါတယ်။

GardaWorld ကုမ္ပဏီရဲ့ ငွေသိမ်းစက်တွေမှာ အချက်ပြစက်၊ တုန်ခါမှု အာရုံခံကိရိယာ၊ နည်းပညာမြင့် စောင့်ကြည့်ကိရိယာတွေ တပ်ဆင်ထားတဲ့အပြင် လုံခြုံရေးအစောင့်အကြပ်လည်း ချထားပါသေးတယ်။

ဒါပေမဲ့လည်း ငွေသိမ်းစက် ဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ သန်း ၃၀ ခိုးယူခံရတာကို နောက်တစ်ရက်ကြာမှ ရိပ်မိခဲ့ကြတာဖြစ်ပါတယ်။

Ref: CNN

………………………………..

မာရသွန်ပြေးသမားတစ်ဦး အာဖရိကတစ်တိုက်စာ အကွာအဝေးကို ပထမဆုံးပြေးခဲ့

အင်္ဂလန်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် အမျိုးသား ရက်စ်ကွတ်ခ်ဟာ အာဖရိတစ်တိုက်စာ အကွာအဝေး မာရသွန်ပြေးတဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်လာခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကျော်ဖြတ်ပြီး မာရသွန်ပြိုင်ပွဲ ၃၈၅ ပွဲနဲ့ ညီမျှတဲ့ အကွာအဝေးကို တစ်နှစ်လောက်နဲ့ ပြေးခဲ့တာပါ။

သူက ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်မှာ တောင်အာဖရိကနိုင်ငံရဲ့ တောင်ဘက်ဖျားဆီကနေ မာရသွန်ခရီး စတင်ခဲ့ပါတယ်။

လူစည်ကားလွန်းတဲ့ မြို့တွေကနေ လူသူအရောက်အပေါက်နည်းတဲ့ အမြဲစိမ်းတောတွေ၊ တောင်တန်းတွေ၊ ဆာဟာရသဲကန္တာတွေကိုပါ ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့သူပါ။

အန်ဂိုလာနိုင်ငံမှာ ရက်စ်ကွတ်ခ်နဲ့ သူ့အဖွဲ့ဟာ ဓားပြတိုက်ခံခဲ့ရပြီး ပါသမျှပစ္စည်းတွေ လုယက်ခံခဲ့ရပါသေးတယ်။

ကွန်ဂိုနိုင်ငံမှာလည်း ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရပြီး တောနက်ထဲကို ခေါ်ဆောင်သွားခံခဲ့ရပါသေးတယ်။

နောက်ဆုံး ၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာတော့ ပန်းတိုင်ကို အရောက်လှမ်းပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: The Guardian

………………………………..

နာမည်ကြီး တိဗက်ဘာသာစကား ဘလော့ဂ်တစ်ခုကို တရုတ်ဖြုတ်ချ

တရုတ်အစိုးရက နာမည်ကြီး တိဘက်ဘာသာစကား ဘလော့ဂ်တခုကို ပိတ်လိုက်လို့ တိဘက်ဒေသခံတွေနဲ့ တိဘက်အရေးအတွက် ဒီဘလော့ဂ်ကို မှီခိုနေရတဲ့ ပြည်ပရောက် တိဘက်အသိုင်းအဝန်းတွေ ဒေါသထွက်ခဲ့ကြပါတယ်။

လက်ဆန်ပယ်ယွန် ဒါမှမဟုတ် အင်္ဂလိပ်လို “Tibet Sheep” ဝက်ဘ်ဆိုက်နဲ့ ကျန် WeChat ဘလော့ဂ်တွေကို မူပိုင်ခွင့် ချိုးဖောက်တယ်လို စွပ်စွဲကာ အာဏာပိုင်တွေက ပိတ်လိုက်တာပါ။

ဒါကြောင့်ပြန်လည်ဖွင့်လှစ် ပေးဖို့အတွက် အာဏာပိုင်ထံ တရားဝင် အသနားခံထားတယ်လို့ ဆိုပါတယ်။

လက်ဆန်ပယ်ယွန်က စာရေးသူတွေရဲ့ အခွင့်အရေးကို ထိန်းသိမ်းသွားမှာဖြစ်ပြီး အသနားခံထားတာကို ငြင်းပယ်ခံရပါကလည်း အစိုးရဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: UCA News

………………………………..