ဂျိုင်းမြစ်ထဲတွင် ပျောက်နေသည့် မြို့ရွှေထားဝယ် ကားသမား၏ ရုပ်အလောင်းပြန်တွေ့

0
3504
ပုံစာ - ဒူရိန်ဆိပ်ကမ်းတွင် ကားအားပြန်လည်ဆယ်ယူနေစဥ်

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ဒူရိန်ရွာ ၊ ဒူရိန်ဆိပ်ကမ်း တွင်ဂျိုင်းမြစ်ထဲ ကားထိုးကျကာ ပျောက်ဆုံးနေသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်း က ယာဥ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဘားအံမြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

ရေနစ်ပြီး တစ်ရက်ကျော်အကြာတွင် ဒူရိန်ဆိပ်ကမ်းနှင့် တစ်မိုင်အကွာတွင်ရှိသည့် ဒေါဖျာဆိပ်ကမ်း၌ ပြန်ပေါ်လာခြင်းဖြစ်ကြောင်း ဘားအံမြို့ ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြာရေးတာဝန်ခံကပြောသည်။

“ ရုပ်အလောင်းကို ဘားအံဆေးရုံပို့ပြီး မိသားစုခေါ်ပေးထားပါတယ်။ ကားသမားမိသားစုတွေနဲ့က ရေနစ်တဲ့နေ့ကတည်းက အဆက်သွယ်ရပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါယာဥ်မောင်းသည် ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်ကဖြစ်ပြီး ပဲခူး နှင့် မြဝတီပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းက ယာဥ်မောင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၅ ရက် ညနေက ဂျိုင်းမြစ်ကိုဖြတ်ကူးရန် ဒူရိန်ဆိပ်ကမ်းတွင် ဖောင်ပေါ်တက်စဥ် ဘရိတ်ပေါက်ကာ ကားနှင့်အတူ မြစ်ထဲပြုတ်ကျခဲ့ခြင်းဖြစ်သည်။

လူမှုကယ်ဆယ်ရေး အဖွဲ့များက ဧပြီ ၅ ရက်ညတွင် ၆နာရီကြာ ရေငုပ်ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သော်လည်း ၎င်းယာဥ်မောင်းအားရှာမတွေ့ဘဲ ကားကိုသာပြန်လည်ဆယ်ယူရေးပြုလုပ်ခဲ့ရသည်။