ထားဝယ်အထူးစီးပွားရေဇုန်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

0
4437

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာအချို့ကို ယနေ့ (ဧပြီ ၇ )နံနက်ပိုင်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။

စစ်ကောင်စီတပ်သည် ကားနှစ်စီးဖြင့် ယနေ့မနက်ပိုင်းက ဝက်ချောင်းရွာသို့က‌နဦးရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးကာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

ထို့နောက်စစ်ကောင်စီစစ်ကြောင်းသည် ဝက်ချောင်းရွာမှာတစ်ဆင့် ခမောင်းချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာပြီး နေ့လယ်ပိုင်းတွင် ဧကနိရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။

“ပစ်တာတော့မရှိသေးဘူး ရွာထဲမှာတော့ ခွေးဟောင်နေတယ်။ သူတို့ရှိနေပုံရတယ်”ဟု ဧကနိရွာခံ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကြောင်းဝင်လာသည့်အတွက် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ရငဲ၊ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသည့် ကျေးရွာများမှဒေသခံများ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီစစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ ခြောက်လခန့်အတွင်း ပထမဆုံး ပြန်လည်စစ်ကြောင်းထိုးခြင်းဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး ရုရှားနိုင်ငံကလည်း ယင်းစီမံကိန်းကို စိတ်ဝင်စားမှုရှိနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။