ကော့တောင်ကျွန်းသွား သင်္ဘောမီးလောင်မှုတွင် ပျောက်ဆုံးနေသော မြိတ်လူငယ် အလောင်းပြန်တွေ့

0
802

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားသင်္ဘော မီးလောင်မှုတွင် ပျောက်ဆုံးနေသော မြိတ်ဒေသခံ လူငယ်၏ အလောင်းကိုတွေပြီဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ကော့တောင်ကျွန်း၏ အခြားဘက်ကမ်းရှိ ချွန်ဖော်ခရိုင် ကမ်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သင်္ဘောသည် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က စူရတ်ဌာနီမှတစ်ဆင့် ကော့တောင် (လိပ်ကျွန်း) သို့ မောင်းလာစဉ် ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာအကွာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောဖြင့် လိုက်ပါလာသော ကိုချစ်နိုင်အောင် (ခေါ်) ဝက်ကြီးက မီးလောင်နေစဉ် ရေထဲခုန်ချခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည်။

ပျောက်ဆုံးခဲ့ပြီး ၃ ရက်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက ထပ်မရှာပေးတော့သဖြင့် မိသားစုဝင်များက ကျွန်းနှင့် အနီးဆိပ်ကမ်းများတွင် ဆိုင်ကယ်ဖြင့် ကိုယ်တိုင်လိုက်ရှာဖွေနေရကြောင်း အစ်မဖြစ်သူက ပြောသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ချွန်ဖော်ခရိုင်ရှိ ဆိပ်ကမ်းတွင် အလောင်းကို တွေ့ပြီဖြစ်ကြောင်း ၎င်း၏ အစ်မဖြစ်သူက ဆိုသည်။

“ရေထဲ ပျောက်နေတဲ့သူကို ကမ်းပေါ်မှာ ဆိုင်ကယ်နဲ့ ပတ်ရှာဖွေနေရတယ်။ တွေ့တာတော့ အတည်ပြုလိုက်ပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ကိုချစ်နိုင်အောင်သည် မြိတ်မြို့ မဟာစည်ရိပ်သာထဲတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ထိုင်းအစိုးရဘက်က ခရီးသွားသင်္ဘောပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်း ၁၀၈ ဦး လိုက်ပါလာခဲ့ကြပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူမရှိကြောင်း ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူ ၁၀ ဦးကို ကော့တောင် ဆေးရုံတင်ထားပြီး တစ်ဦးက မြန်မာနိုင်ငံသားဖြစ်ကာ ရေထဲခုန်ချသဖြင့် လက်မောင်းကျိုးဒဏ်ရာရရှိခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဘက်က မည်သို့တာဝန်ယူပေးမည်ဆိုသည်ကိုမူ မသိရသေးကြောင်း မိသားစုဝင်ကပြောသည်။