တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်းများ ခြောက်ရက်အတွင်း ဒရုန်းဖြင့်အကြိမ် ၂၀ကျော်တိုက်ခိုက်ခံရ

0
510

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ ADF ဒရုန်းအဖွဲ့က ဒရုန်းဖြင့် အကြိမ် ၂၀ကျော် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဒရုန်းအဖွဲ့က မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ အကြိမ်နှစ်ဆယ်ကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့သလို ဒဏ်ရာရသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ရှိသူက ပြောဆိုသည်။

“ဒရုန်းတိုက်ခိုက်မှုကို ပြုလုပ်တဲ့အခါမှာတော့ ရန်သူဘက်က ထိခိုက်မှုရှိပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိတော့ ထိရောက်မှုရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါကာလအတွင်း တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၅၆၁ ၊ ခမရ ၅၅၈ ၊ ခမရ ၅၅၇ တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းဖြင့်နေ့စဉ်ရက်ဆက်တိုက်ခိုက်ခံရပြီးချိန်တွင် စစ်ကောင်စီဘက်က အစစ်အဆေးတင်းကျပ်မှုများ ရှိလာကြောင်း ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်၏ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးချိန်တိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်လေ့ ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခြင်းနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။