တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းစတင်သည့် ဓာတ်ပုံများ စစ်ကောင်စီထုတ်ပြန်

0
571
ဓာတ်ပုံ - ပြန်/ဆက်

တနင်္သာရီတိုင်းက စစ်မှုထမ်းသင်တန်း စတင်သည့် ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက ထုတ်ပြန်လာသည်။

ပုလောမြို့နယ် ပလောက်မြို့ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ‌စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် စစ်မှုထမ်းပုံများကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါဓာတ်ပုံများထဲတွင် စစ်မှုထမ်းသင်တန်းသားများကို ပလောက်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်က လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။

စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ လူဦးရေ ၂၆၀ ကို ခေါ်ယူထားပြီး ၎င်းတို့အား ဧပြီလ ၈ ရက်မှ ၁၆ ရက်ကြားကာလတွင် သင်တန်းပေးမည်ဖြစ်သည်။

စစ်မှုထမ်းမည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ သင်တန်းသားများကို ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရေကြောင်းဖြင့် ပို့ဆောင်‌ထားသည်ဟုဆိုသည်။

အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း၏ လေ့ကျင့်ရေးကွင်းမှာ ဝဇွမ်းအုပ်ကျေးရွာ ဥယျာဉ်ခြံများနှင့် တစ်ဆက်တည်းတွင်တည်ရှိသည်။

အာဏာမသိမ်းခင်က အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းမှ လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်ပစ်‌ဗုံးများ၊ အမြောက်ကျည်ဆန်များမှာ ဝဇွမ်းအုပ်ရွာ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံများအတွင်းသို့ ကျရောက်လေ့ရှိသဖြင့် ပြဿနာ မကြာခဏဖြေရှင်း နေရလေ့ရှိသည်။