တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
415

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ

ဟောင်ကောင်တာဝန်ရှိသူများကို အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်မည်

ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ်နေတဲ့ တာဝန်ရှိသူတွေကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ အမေရိကန်ဘက်က ကြေညာထားပါတယ်။

ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးတင်းကြပ်ထားတဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မှာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာပါ။

မကြာခင်မှာ အရေးယူမှုတွေ လုပ်တော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မှာလဲဆိုတာကိုတော့အတိအကျ ဖော်ပြခြင်း မရှိသေးပါဘူး။

နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု၊ လှို့ဝှက်ချက်ပေါက်ကြားမှုတွေသာမက နိုင်ငံခြာသားတွေ၊ နိုင်ငံခြားလုပ်ငန်းတွေနဲ့ အဆက်အဆံရှိသူတွေကိုပါ အရေးယူနိုင်အောင် Article 23 လို့ သိကြတဲ့ လုံခြုံရေးဥပဒေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ကမ္ဘောဒီးယား အွန်လိုင်းရာဇဝတ်မှုတွေထဲ အိန္ဒိယနိုင်ငံသား ၂၅၀ ကို ကယ်တင်နိုင်

ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံရပြီး ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ အိန္ဒိယနိုင်ငံသား ၂၅၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အိန္ဒိယသံရုံးကနေ ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသုံးလထဲမှာ အိန္ဒိယနိုင်ငံသား ၂၅၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၅၀၀၀ ကျော်ရှိနေပြီး ဆိုက်ဘာအွန်လိုင်း လိမ်လည်မှုတွေမှာ အတင်းအကြပ် စေခိုင်းခံနေရတယ်လို့ ဆိုထားပါတယ်။

Ref: BBC

………………………………..

တူရကီက မြို့တော်ဝန်ရွေးကောက်ပွဲ အတိုက်အခံဘက်က ဦးဆောင်

တူရကီနိုင်ငံမှာ မတ်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ မြို့တော်၀န်နဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP)က အဓိက မြို့ကြီးတွေမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို လူတွေ သန်းနဲ့ချီ မဲပေးခဲ့ကြတာပါ။

လက်ရှိသမ္မတ Recep Tayyip Erdogan ရဲ့ ပါတီဘက်က မြို့ကြီးတွေမှာ အနိုင်ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကတော့ ဖြစ်မလာခဲ့ပါဘူး။

မဲတွေ ရေတွက်ပြီးချိန်မှာ လက်ရှိ အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP) ကနေ တူရကီနိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အချာကျတဲ့ မြို့ နေရာတွေမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဖင်လန်စာသင်ကျောင်း ပစ်ခတ်မှု ကျောင်းသား ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

ဖင်လန်နိုင်ငံ တောင်ပိုင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ကျောင်းသား ၈၀၀ ခန့်တက်ရောက်နေတဲ့ Viertola အလယ်တန်းကျောင်းက စာသင်ခန်းထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်သူနဲ့ ဒဏ်ရာရသူတွေဟာ အသက် ၁၂ နှစ်အရွယ် ခြောက်တန်းကျောင်းသားတွေဖြစ်ကြပါတယ်။

သေနတ်သမားအဖြစ် ယူဆထားတဲ့ ကျောင်းသားကိုတော့ ဧပြီလ ၂ ရက်နေ့မှာပဲ့ Helsinki မြို့အနီးမှာ ဖမ်းဆီးရမိခဲ့တယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ အသေးစိတ်ပြောသွားတာမရှိဘဲ စိုးရိမ်ရတဲ့အထိ ပြင်းထန်တယ်လို့သာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref: BBC

………………………………..

ယူကရိန်းတွင် စစ်မှုထမ်းသက် ၂၇ နှစ်ကနေ ၂၅ နှစ်ကို လျှော့ချ

စစ်ထဲဝင်ရမယ့် အသက်သတ်မှတ်ချက်ကို အသက် ၂၇ ကနေ ၂၅ နှစ်သို့ ပြင်ဆင်လျှော့ချလိုက်တဲ့ ဥပဒေတစ်ရပ်ကို ယူကရိန်းသမ္မတက ဧပြီလ ၂ ရက်နေ့မှာ လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ယူကရိန်းစစ်တပ်အတွက် စစ်သားအင်အား ပိုများလာမှာပါ။

ဥပဒေသစ်ကို ကျင့်သုံးဖို့ စစ်တပ်က အစိုးရကို လအတော်ကြာကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါကို လွှတ်တော်က အတည်ပြုခဲ့ပြီး ၁ နှစ်နီးပါးရှိတော့မှ သမ္မတက လက်မှတ်ရေးထိုးလိုက်တာပါ။

ရုရှားရဲ့ ကျုးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ၂ နှစ်ကျော် ကာလထဲမှာ စစ်တပ်မှာ အထိအခိုက်အကျအဆုံးတွေ များလာနေချိန် ဥပဒေကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာလမှာ ယူကရိန်းက စစ်သား ၅ သိန်းအထိ ရအောင် စည်းရုံးဖို့ လိုအပ်နေတယ်လို့ သမ္မတ ဇလန်းစကီးက ဆိုထားပါတယ်။

Ref: BBC

………………………………..

ဂါဇာတွင် နိုင်ငံခြားကူညီရေးလုပ်သား ၇ ဦး အစ္စရေးပစ်ခတ်မှုကြောင့် သေဆုံး

ဧပြီလ ၁ ရက်နေ့က အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာရှိတဲ့ အမေရိကန်အခြေစိုက် စားနပ်ရိက္ခာကူညီရေးအသင်း World Central Kitchen က ဝန်ထမ်းခုနစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့သူတွေထဲမှာ ဗြိတိန်၊ ပိုလန်၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံသားတွေ ပါဝင်ခဲ့ပါတယ်။

နိုင်ငံခြားအကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးခဲ့ရတာအတွက် ဝမ်းနည်းကြောင်းပြောထားပြီး ဒီလိုမျိုးထပ်မဖြစ်ဖို့ အစ္စရေးအနေနဲ့ တတ်နိုင်သမျှ နည်းလမ်းတွေသုံး ကာကွယ်သွားမယ်လို့ အစ္စရေးဘက်ကတော့ တောင်းပန်ထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကုလသမဂ္ဂ အကူအညီပေးရေးလုပ်ငန်းတွေကို အနည်းဆုံး ၄၈ နာရီကြာ ဆိုင်းငံ့ထားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လူနာတင်ယာဉ်တွေနဲ့ အီဂျစ်နိုင်ငံဘက်ကို ရာဖာနယ်စပ်မြို့ကတဆင့် ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ၊ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ

ထိုင်ဝမ်ကျွန်းဆွယ်မှာ ဧပြီလ ၃ ရက်နေ့က ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့လို့ သေဆုံးသူတွေ အနည်းဆုံး ၁၂ ဦးအထိ ရှိလာခဲ့ပါတယ်။

လူပေါင်းရာနဲ့ချီ ပိတ်မိခဲ့ကြပြီး ပျောက်ဆုံးနေသူ ၁၈ ဦးကို ရှာဖွေနေဆဲပါ။

ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေထဲ ဩစတေးလျနိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦးလည်း ပါဝင်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။

တောင်တက်သွားတဲ့ တောင်တက်သမား ၆ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်ခဲ့သူတွေနဲ့ ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့ ယနေ့အထိ ကြိုးစားနေဆဲဖြစ်ပါတယ်။

အင်အားပြင်ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ငလျင်ငယ်ပေါင်း ရာနဲ့ချီလှုပ်ခတ်ခဲ့ပါသေးတယ်။

ဒါကြောင့် ငလျင်ဗဟိုချက်နဲ့ နီးတဲ့ Hualien မြို့ခံတွေကတော့ တိုက်ခန်းတွေမှာ မအိပ်ရဲကြတော့ဘဲ အပြင်ဘက်တွေမှာ တဲထိုးပြီး အိပ်နေကြရပါတယ်။

Ref: Aljazeera

………………………………..

ထိုင်းတောင်ပိုင်းကနေ ကော့တောင်ကျွန်းကိုသွားတဲ့ သင်္ဘောတစ်စီး မီးလောင်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က ကော့တောင်ကျွန်းကိုသွားတဲ့ ညအိပ်ခရီးသွားသင်္ဘောတစ်စီး ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက ပင်လယ်ထဲ မီးလောင်ခဲ့ပါတယ်။

အဲဒီသင်္ဘောက ကော့တောင်ကျွန်းနဲ့ ၃ ကီလိုမီတာလောက်အကွာမှာ မီးလောင်ခဲ့တာပါ။

ညအိပ်သင်္ဘောပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၁၀ လောက် လိုက်ပါလာပြီး မီးလောင်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်လိုက်ရပါတယ်။

ခရီးသည်တွေကို ကူညီပေးဖို့ ကော့တောင်နဲ့ ကော့ဖငန်းကျွန်းက ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပြီး မီးလောင်မှုကို ၂ နာရီလောက်အကြာမှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အင်ဂျင်ကနေ မီးစတင်လောင်ကျွမ်းတယ်လို့ လက်ရှိယူဆထားပြီး အသေးစိတ်ကိုတော့ စုံစမ်းလျက်ရှိနေဆဲဖြစ်ပါတယ်။

Ref: The Nation Thailand

………………………………..

တေလာဆွိဖ်က ဘီလီယံနာသူဌေးဖြစ်လာ

အမေရိကန်နာမည်ကျော် အဆိုတော် တေလာဆွိဖ် (Taylor Swift) ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်း ဝင်သွားပါတယ်။

သူ့ကို Forbes မဂ္ဂဇင်းရဲ့ ဧပြီလ ၂ ရက်နေ့ထုတ်ပြန်တဲ့ ဘီလီယံနာသူဌေးစာရင်းမှာ တေလာဆွိဖ် ပါဝင်တာပါ။

သူမရဲ့ အသားတင်ကြွယ်ဝမှုပေါင်း ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ ရှိခဲ့ပါတယ်။

တေလာဆွိဖ်က သူ့ချမ်းသာကြွယ်ဝမှု အားလုံးဟာ သူ့အနုပညာ၊ သူ့ဂီတနဲ့ ဖျော်ဖြေမှုကနေ ရရှိတဲ့ ဂီတအကျော်အမော်ဖြစ်လာခဲ့ပါတယ်။

တေလာဆွိဖ်က ဒီနှစ် ဂရမ်မီဆုပေးပွဲမှာလည်း အောင်မြင်မှုရခဲ့ပြီး အကောင်းဆုံးတေးဓာတ်ပြားဆု ၄ ကြိမ် ပထမဆုံးရရှိသူ ဖြစ်ပါတယ်။

Ref: Forbes

………………………………..