ကရိန်းပြိုကျ၍ သေဆုံးသော မြန်မာလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရ

0
648
ပုံစာ - ကနဦးလျော်ကြေး ဘတ် ၅သိန်း မိသားစုက လက်ခံရယူစဉ်။ ဓာတ်ပုံ - WAG

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ် ၂၉ ရက်နေ့ ညနေပိုင်းက ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၅ သန်းစီပေးရန် မိသားစုဝင်များနှင့် မြန်မာအလုပ်သမားများက ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပြီး ထိုင်းအာဏာပိုင်များ၊ WAG အပါအဝင် မြန်မာအလုပ်သမားအဖွဲ့အစည်းများက ည ၁၁ နာရီအချိန်ခန့်တွင် လာရောက်ညှိနှိုင်းပေးခဲ့သည်။

အချိန် တစ်နာရီကျော်ကြာအောင် ညှိနှိုင်းခဲ့ပြီးနောက် သေဆုံးသူတစ်ဦးစီအတွက် လူမှုဖူလုံရေးနှင့် လျော်ကြေး အပါအဝင် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရရှိခဲ့ပြီး မိသားစုဝင်များနှင့် အလုပ်ရှင်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်ထားသည်။

“သေဆုံးသူတွေရဲ့ နစ်နာကြေးသာ ရရှိပါသေးတယ်။ ကျွန်တော်တို့ အလုပ်သမားအခွင့်အရေးတွေလည်း ပြန်လည်ရရှိဖို့ ကြိုးစားဆောင်ရွက်ပေးနေပါတယ်” ဟု WAG ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အသုဘစရိတ်နှင့် အခြားကိစ္စများအတွက် ဘတ် ၅ သိန်းကို မိသားစုဝင်များထံသို့ လက်ငင်းငွေသား ပေးချေခဲ့ပြီး ကျန် ၁၁ သိန်းကို သုံးလအတွင်း ပေးအပ်မည်ဟု အလုပ်ရှင်ဘက်က သဘောတူခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ည ၁ နာရီအချိန်ခန့်တွင် သယ်ယူခွင့်ပေးခဲ့ပြီး ရင်ခွဲစစ်ဆေးရန် ဆေးရုံသို့ သယ်ဆောင်သွားကြကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီဘက်က တစ်ဦးစီအတွက် လျော်ကြေး ဘတ် ၅ သိန်းသာ ပေးချေရန် ကနဦးပြောကြားခဲ့သဖြင့် အလုပ်သမားများက တောင်းဆိုဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။