တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျွန်းစုတွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်

0
454

တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းစုမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ပဲ့တိုင်ရွာ၊ ယမုံနာရွာနှင့် ယမုံမြစ်ဝရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၆ရက်ညတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ပျူစောထီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ဒဏ်ရာရခဲ့သူ ၃ ဦးလည်း လမ်းခရီးတွင်သေဆုံးသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်တာမျိုးရှိသလို ယမုံရွာတိုက်ပွဲဆို လေးဆယ့်ငါးမိနစ် ကြာသွားတယ်။ ကျွန်တော်တို့ဘက် ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ ဒေသများတွင် စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်အထိ အင်အားထပ်ဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ရက်နေ့ကလည်း ကျွန်းစုမြို့နယ်အတွင်းရှိ ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က တိုက်ခိုက်ခဲ့သေးသည်။