အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် တိုက်ပွဲဖြစ်

0
428
ဓာတ်ပုံ - AA ပုံစာ - AA တပ်ဖွဲ့ဝင်များ ၂၀၁၉ခုနှစ်က စစ်ရေးလေ့ကျင့်နေစဉ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အထိအခိုက်ရှိကြောင်း AA က ထုတ်ပြန်သည်။

အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် အခြား တပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် AA တို့ မတ်လ ၂၆ ရက်က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။

စစ်ကောင်စီက ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရပြီး AA ဘက်ကမူ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိကြောင်း ဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၂၅ ရက်ကမူ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ တောင်ဘဇာစခန်းအား သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ရွာ တောင်ဘက် မောင်တော တောင်ကျော်လမ်းတွင် ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းက အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးသည်ဟုလည်း ဆိုသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ်သိမ်းယူနိုင်ရန် ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက် နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူအများအပြားဖြင့် အသည်းအသန် ပြန်လည်တိုက်ခိုက်နေ ကြောင်း ဖော်ပြသည်။

မကွေးတိုင်း ငဖဲမြို့နယ်၌လည်း မတ်လ ၂၆ရက်နှင့် ၂၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ငဖဲမြို့နယ် တုံးကြီးရွာ အရှေ့မြောက်ဘက်နှင့် ချောင်းဖျားရွာတောင်ဘက် တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရကြောင်း AA က ဆိုသည်။