ရထားလမ်းပိုင်း မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

0
635
ပုံစာ - မိုင်းခွဲခံရသည့် ကျောက်တင်ရထား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ယမန်နေ့ နံနက်ပိုင်းက အမှတ် ၆၈၆ အစုန် ကျောက်တင်ရထား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

ရထားမိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရထားခရီးစဥ်များကို မတ်လ ၁၉ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ပြီးစီးသည်နှင့် ရထားပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဟု ယင်းဘူတာကြီးထံမှ သိရသည်။

“မိုင်းခွဲခံထားရတဲ့နေရာကို ပြင်ဆင်နေလို့ ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်တာ။ ပြီးတာနဲ့ ခရီးစဉ်တွေ ပြန်ပြေးဆွဲမှာပါ” ဟု မော်လမြိုင်ဘူတာကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ခရီးစဉ် ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများကို လက်မှတ်ခ ပြန်ထုတ်ပေးနေသည်ဟုလည်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအရနှင့် လမ်းခရီးတွင် စစ်ဆေးမှု များလာခြင်းတို့ကြောင့် ကားလမ်းခရီးထက် ရထားလမ်းခရီးကို ပိုမိုအသုံးပြု သွားလာနေကြသည့်အတွက် ယခုလို ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်သည့်အပေါ် သွားလာရေး အခက်အခဲဖြစ်သည်ဟု ရထားဖြင့် ခရီးသွားနေသူများထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်ကို ယခင်က နေ့ရော ညပါ လူစီးရထားခရီးစဉ်ရှိခဲ့သော်လည်း ရထားလမ်းပိုင်း မိုင်းခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလာသည့်နောက်ပိုင်း လူစီးညရထားခရီးစဉ်ကို မြန်မာ့မီးရထားက ဖျက်သိမ်းလိုက်ပြီး နေ့ခရီးစဉ်သာ ပြေးဆွဲနေသည်မှာ ယနေ့အထိပင်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်

ရထားလမ်းမိုင်းခွဲ တိုက်ခိုက်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည့်အပြင် ရန်ကုန်-မော်လမြိုင်ကာလမ်းပိုင်းရှိ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။