ထားဝယ်တွင် အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာတစ်ဦး အဖမ်းခံရ

0
1504
ပုံစာ - ဦးစိုးသူအောင်

ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Royal Wisdom အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာဦးစိုးသူအောင်ကို စစ်ကောင်စီက မတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ နေပြည်တော်က ညွှန်ကြားချက်နဲ့ လာဖမ်းတယ်လို့ပဲသိရတယ်။ ကျန်တာတော့ဘာမှထပ်မသိရသေးဘူး “ ဟု ဦးစိုးသူအောင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ယခုလက်ရှိ ဦးစိုးသူအောင်ကို ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၎င်းကဆက်ပြောသည်။

၎င်း၏အင်္ဂလိပ်စာသင်တန်းမှာမူ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဦးစိုးသူအောင်သည် ၂၀၁၉ ခုနှစ်မှစ၍ Royal Wisdom English language Club တွင် အင်္ဂလိပ်စာ သင်ကြားနေသူဖြစ်သည်။

ပြီးခဲ့သည်နှစ် ဇွန်လကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှ ကိုယ်ပိုင် မူကြိုကျောင်း တည်ထောင်သူ ဇနီးမောင်နှံ နှစ်ဦးကို စစ်ကောင်စီက တစ်ပတ်ကျော်အကြာ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ဖူးသည်။

ဖြည့်စွက်ချက် –

ဦးစိုးသူအောင်သည် မတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် ထားဝယ်မြို့မရဲစခန်းမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင်နှင့်နီးစပ်သူများက အတည်ပြုသည်။