အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းကျောင်းတွင် တက်ရောက်ခွင့်ပြုရန် ထိုင်းအစိုးရ စာထုတ်ညွှန်ကြား

0
1081

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းလိုက်သည်။

လာမည့်စာသင်နှစ်အတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက လက်မခံဘဲ မနေကြရန်နှင့် ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန် ဝန်ကြီးဌာနက ထပ်မံတိုက်တွန်းထားခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကလည်း အတည်ပြုပြောဆိုသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာကလေးငယ်များစွာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသည့်အတွက် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးကို နားလည်သဘောပေါက်စေရန် ကျောင်းအုပ်ကြီးများကို အသိပေးထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း FED အဖွဲ့က ကိုမင်းဦးက ပြောသည်။

“အခုက တမင်တကာ ကလေးတွေကို လက်မခံဘဲ နေမှာစိုးလို့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဝင်လာတဲ့ ကလေးတွေက နည်းတာမဟုတ်ဘူးလေ။ ဒါကို သူတို့လည်း တွေ့မယ်။ နယ်စပ်ဘက်မှာတော့ ပိုများမှာပေါ့။ ဒါကြောင့်မို့ ထုတ်ပြန်တယ်လို့ ထင်တာပဲ” ဟု ကိုမင်းဦးက ဆိုသည်။

ယခင် ၂၀၀၅ ခုနှစ် ဘုရင်ထုတ်ပြန်ချက်ကတည်းက နိုင်ငံသားမရွေး လူမျိုးမရွေး ထိုင်းရောက် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရမည်ဟု တရားဝင်ကြေညာထားသဖြင့် ထိုင်းကျောင်းများအားလုံးတွင် ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားခွင့်ရှိကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း သက်ဆိုင်ရာနယ်မြေကျောင်းအုပ်ကြီးများ၏ လုပ်ငန်းစဉ်များ နားလည်သဘောပေါက်မှုမရှိသဖြင့် ရွှေ့ပြောင်းကလေးငယ်များ ကျောင်းအပ်နှံရာတွင် အခက်အခဲ လိုအပ်ချက်များ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကိုမင်းဦးက ထောက်ပြသည်။

အကယ်၍ ရွှေ့ပြောင်းကလေးများ ထိုင်းမွေးစာရင်းမရှိဘဲ အထောက်အထားမရှိဖြစ်နေပါက နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ လက်မှတ်များ ရယူကာ ထိုင်းကျောင်းများတွင် ကျောင်းအပ်နှံနိုင်ကြောင်း မဟာချိုင်ရှိ ဝပ်ယိုင်ထိုင်းအစိုးရကျောင်းတွင် လုပ်ကိုင်နေသော မြန်မာဆရာမတစ်ဦးက ပြောသည်။

“အမတို့ကျောင်းအုပ်က ရွှေ့ပြောင်းကလေးငယ်တွေ ဘယ်လို ကျောင်းအပ်လက်ခံရမလဲဆိုတာမျိုး နားလည်တယ်။ ဘာသာပြန်လည်းရှိနေတော့ တော်တော်လေး အဆင်ပြေတယ်။ အခြားကျောင်းအုပ်တွေက ဒီလိုလုပ်လို့ရတယ်ဆိုတာမျိုးကို နားလည်ချင်မှ နားလည်မယ်ပေါ့နော်။ အမတို့ကျောင်းမှာတော့ မြန်မာကလေးတွေကို မွေးစာရင်းရှိရှိ မရှိရှိ ကျောင်းအပ်လက်ခံပေးတယ်” ဟု မြန်မာဆရာမက ဆိုသည်။

လက်ရှိ ကျောင်းတက်နေသော မြန်မာကလေးငယ်များနှင့် ထိုင်းကလေးငယ်များကြား ကျောင်းတွင်းလှုပ်ရှားမှုများနှင့် အခြားခံစားခွင့်များလည်း အတူတူပင် ရရှိကြကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ထိုင်းရောက် မြန်မာမိဘများအနေဖြင့် မိမိကလေးငယ်များကို ပညာသင်ကြားခွင့် ရရှိစေရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားလည်သိရှိအောင် ကြိုးစားပေးသင့်ကြောင့် ဆရာမက ထောက်ပြသည်။

ထိုင်းနိုင်ငံတဝန်းတွင် ပညာသင်ကြားနေသော ရွှေ့ပြောင်းကလေးငယ် အရေအတွက် ၄ သိန်းခန့်ရှိနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။