မြိတ်တွင် တစ်ရက်တည်း လယ်ကွင်းပြင်နှစ်ခု မီးလောင်

0
633
ပုံစာ - ကျွဲကူးရွာ လယ်ကွင်းပြင် မီးလောင်နေစဥ်။ photo - မာရိတ်မီဒီယာ

မြိတ်မြို့ ပတ်ဝန်းကျင်တွင် ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် လယ်ကွင်းပြင်နှစ်ခု မီးလောင်ကြောင်း မြိတ်မြို့ခံများထံက သိရသည်။

စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာ ၊ ရတနာရပ်ကွက်ရှိ လယ်ကွင်းပြင်တွင် ယနေ့ နံနက်ပိုင်းမှစတင် မီးလောင်ခဲ့၍ မီးသတ်ကား ခေါ်ယူခဲ့ရပြီး မီးသတ်ကားလေးစီးနှင့် ရွာသားများ ပူးပေါင်း ငြှိမ်းသတ်မှုကြောင့် နေ့လယ်ပိုင်းတွင် မီးငြိမ်းကြောင်း ရွာသားများက ပြောသည်။

“လယ်ပြင် မီးရှို့ရာကနေ မီးများပြီး မီးလောင်သွားတယ်။ မီးငြိမ်းသွားပြီ ဒါပေမဲ့ မီးခိုက အခုထိကျန်နေသေးတယ်” ဟု ကျွဲကူးရွာသားတစ်ဦးက ယနေ့ ညနေတွင် ပြောဆိုသည်။

အလားတူ မြိတ်မြို့၊ ကလွင်ရပ်၊ သုသာန်အနီးရှိ ကွင်းပြင်တွင်လည်း ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကြောင်း မြိတ်မြို့ခံများထံကသိရသည်။

“နေ့လယ်လောက်က စလောင်တယ် ။ အခုကတော့မီးငြိမ်းသွားပြီ။ မီးလောင်တဲ့နေရာက ကိုင်းတော၊ မြက်ခြောက်ကွင်းပြင် ကြီးမှာ အမှိုက်တွေလည်းရှိတဲ့နေရာမှာ မီးစလောင်တယ်။ ဘယ်လိုစလောင်လဲတော့ မသိရသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်သည့် နေရာ နှစ်ခုမှာ လူနေအိမ်များနှင့် ကွာဝေးသဖြင့် လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။

ယခုနှစ်ဆန်းပိုင်း၌ မြိတ်ခရိုင်တွင် မီးလောင်မှု ၉ ကြိမ်ရှိပြီဖြစ်သည်။