တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
867

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

ကချင်မှာ စစ်ကောင်စီတပ်စခန်းတွေကို KIA ထိုးစစ်ဆင်တိုက်ခိုက်

ပုံစာ – KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

KIO/KIA ဌာနချုပ် လိုင်ဇာမြို့ကို မကြခဏ ပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်စခန်းတွေ၊ မြစ်ကြီးနား- ဗန်းမော်ကားလမ်း တစ်လျှောက်အပါအဝင် ဗျူဟာကျတဲ့ တပ်စခန်းတွေကို မတ်လ ၇ရက်နေ့ နံနက်အစောပိုင်းကနေ စတင်တိုက်ခိုက်နေတာပါ။ ရခိုင်အပါအဝင် နိုင်ငံအနှံ့ စစ်ရေးပြင်းထန်နေချိန် ကချင်မှာပါ ထိုးစစ်တွေ စလာတာပါ။

တိုက်ပွဲသုံးရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး ၁၆ ခုထက်မနည်းကို သိမ်းယူရရှိထားပြီလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မတ်လ ၉ရက် နံနက်ပိုင်းက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။ သိမ်းယူထားတဲ့အထဲမှာ လက်နက်ကြီးတပ်ဆင်ထားတဲ့ တပ်စခန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာ ရတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့သလို လိုင်ဇာနဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်မြို့ဘက်ကိုလည်း လက်နက်ကြီးကျည်တချို့ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ KIA နဲ့ ပူးတွဲရော၊ သီးသန့်ပါ စစ်ရေးဖော်ဆောင်နေတဲ့ AA က ထုတ်ပြန်ထားပါတယ်။

……………………………………

ရွှေစျေးစံချိန်တင်မြင့်တက်

အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၄၀ကျော်နဲ့ ရွှေစျေး စံချိန်တင်မြင့်တက်နေပါတယ်။

ပြည်တွင်းရွှေစျေးဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက တဖြေးဖြေးမြင့်တက်လာတာဖြစ်ပြီး မတ်လအတွင်းမှာတော့ ၈ရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိ ခုန်တက်သွားပါတယ်။ မတ်လ ၈ရက်နေ့မှာ ရွှေစျေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ စွန်းစွန်းရှိနေပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းစျေးကကို ကျပ် ၃၈သိန်းနီးပါး အထိရှိနေပါတယ်။

ကမ္ဘာ့ရွှေစျေးမြင့်တက်နေသလို ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်တာ၊ ရွှေစျေးကစားတာတွေကြောင့် အခုလို စျေးမြင့် တက်လာဖြစ်ပြီး ငွေစျေးအပေါ်မူတည်ကလည်း စျေးကွက်အပြောင်းအလဲဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

……………………………………

ရခိုင်ပြည်နယ်မြို့တော် စစ်တွေအနီးကို AA ချဉ်းကပ်လာပြီ

ပုံစာ – ပုဏ္ဏားကျွန်းမြို့ကို သိမ်းယူထားပြီးနောက်တွေ့ရတဲ့ AA ရဲဘော်တွေ။

ရခိုင်မှာ ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေအနီးကို ရက္ခိုင့်တပ်တော် AAက ချဉ်းကပ်လာနေပြီလို့ ကုလသမဂ္ဂကပြောပါတယ်။

မြို့နယ်အများအပြားမှာလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် တိုက်ပွဲတွေဆက်ဖြစ်နေ တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၆ရက်နေ့မှာထုတ်ပြန်ပါတယ်။

AA က ရခိုင်မှာ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်အဆင့်ရှိတဲ့ မြို့ခြောက်မြို့ ကို သိမ်းယူထိန်းချုပ်ထားသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းယူထိန်းချုပ်ထားပါတယ်။

အဲဒီထဲက ပေါက်တောဟာ စစ်တွေနဲ့ ကုလားတန်မြစ်ခြားပြီး မိုင် ၁၀ကျော်သာဝေးကွာတဲ့ အနီးဆုံးမြို့ဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့မှာ နောက်ဆုံးသိမ်းယူထားတဲ့ ပုဏ္ဏားကျွန်းမြို့ဆိုရင်လည်း စစ်တွေနဲ့ကားလမ်းအတိုင်း မိုင် ၂၀ကျော်ပဲ ဝေးတဲ့ မြို့ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးဟာ စစ်တွေကို ဦးတည်လာနေပြီလို့ ပြောဆိုကြတာပါ။

မြို့ကို ဦးတည်လာတာကြောင့် စစ်တွေမြို့ခံတွေဟာ မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြပြီလို့ ဒေသတွင်သတင်းတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းကနေ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီစခန်းတွေက လက်နက်ကြီးတွေ တိုးမြှင့်ပစ်ခတ်လာတယ် လို့ UNOCHA က ပြောပါတယ်။ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးရှောင်တစ်သိန်းခွဲခန့် ရှိလာပြီလို့ UNOCHA က ပြောဆိုပြီး AA ကတော့ ရခိုင်မှာ စစ်ဘေးရှောင်သုံးသိန်းကျော်နေပြီလို့ ဆိုပါတယ်။

……………………………………

ထိုင်းလွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲ

အာဏာသိမ်းပြီး သုံးနှစ်အကြာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းလွှတ်တော်မှာ ပထမဆုံးအကြိမ် မြန်မာ့အရေးကို နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းအတိုက်အခံပါတီ Move Forward က ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပြီး မတ်လ ၂ရက်နဲ့ ၃ရက်နေ့ တွေမှာ ကျင်းပ ခဲ့တာပါ။ ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်အမတ်တွေ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ NUG နိုင်ငံခြားရေးဝန်ကြီး၊ တိုင်းရင်းသားအဖွဲ့တွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့တွေက တက်ရောက်ခဲ့ကြပါတယ်။

လုံခြုံရေးကိစ္စတွေ၊ ဒီမိုကရေစီလှုပ်ရှားရာမှာ ကြုံရတဲ့ အခက်အခဲစိန်ခေါ်မှုတွေ၊ လူသားချင်းစာနာမှု အထောက်အပံ့ ပေးရေးကိစ္စတွေ၊ ထိုင်းနယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကို ဖိတ်ကြားပြီး ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထိုင်းအစိုးရကို ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေတယ်လို့ ကန့်ကွက်စာမှာ ရေးသားထားပါတယ်။

……………………………………

အပစ်ရပ်ထားတာကို အခက်တွေ့စေတယ်လို့ မြောက်ပိုင်းမဟာမိတ်တွေဘာလို့ပြောတာလဲ

TNLA သိမ်းယူထိန်းချုပ်ထားတဲ့ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာတာကြောင့် အပစ်ရပ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အခက်အခဲဖြစ်မှာကို အထူးစိုးရိမ်တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေ သိမ်းယူပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေအကောင်အထည်ဖော်နေတဲ့ မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တွေ ကို စစ်ကောင်စီက မတ်လ ၄ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ။ အဲဒီလို ကြေညာပြီး နှစ်ရက်အကြာ မတ်လ ၆ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေက အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ပြီး ကတိပြုထားတဲ့အတိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ စစ်ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ဆောင်နေချိန်မှာ အခုလို ကြေညာတာဟာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အခက်အခဲဖြစ်စေ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖေဖော်ဝါရီလ ၂၉ရက်နဲ့ မတ်လ ၁ ရက်နေ့တွေမှာ စတုတ္တအကြိမ်မြောက်ဆွေးနွေးခဲ့ကြပါသေးတယ်။

……………………………………

မွတ်ဆလင်တွေကို စစ်မှုထမ်းခိုင်းတာ ပဋိပက္ခကိုဖန်တီးဖို့ကြိုးပမ်းတာလို့ AA ပြော

ရခိုင်မှာ စစ်ကောင်စီက မွတ်ဆလင်တွေကို စစ်မှုထမ်းခိုင်းပြီး လက်နက်တွေ တပ်ဆင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။ 

မွတ်ဆလင်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေတာဟာ ရခိုင်မှာရှိတဲ့ အသိုင်းအဝိုင်းတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာ ဒေသတွင်း မတည်မငြိမ်မှုကို ပိုမိုကြီးထွားစေပြီး မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ တခြားသော ရခိုင်မှာ နေထိုင်တဲ့ ပြည်သူတွေကြား ကြီးမားရှည်ကြာတဲ့ ပဋိပက္ခကိုပဲ ဖြစ်စေမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေမှာ မွတ်ဆလင်တွေကို စစ်မှုထမ်းခိုင်း နေတာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မွတ်ဆလင်အသိုင်းအဝိုင်းကို နည်းလမ်းပေါင်းစုံသုံးပြီး အတင်းအဓမ္မ စစ်မှုထမ်းစေဖို့ စစ်ကောင်စီက ကြိုးစားအားထုတ်နေတယ်လို့ AA က ဆိုပါတယ်။

စစ်တပ်ဟာ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရတိုင်း ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေဖို့ လုပ်ဆောင်လေ့ရှိတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်မှာ ဘင်္ဂါလီတွေကို စစ်မှုထမ်းခိုင်းတာဟာ လုံးဝမှန်ကန်မှု မရှိဘူးလို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာကနေ ငြင်းချက်ထုတ်ထားပါတယ်။ ဒီလိုငြင်းချက်ထုတ်ထားချိန်မှာပဲ မွတ်ဆင်လင်တွေကို စစ်ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး သင်တန်းပေးနေတာ၊ လက်နက်တွေတပ်ဆင်တားတာ စတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

……………………………………

လီဆူပြည်သူ့စစ်ခေါင်းဆောင် တိုက်ပွဲမှာသေဆုံး

စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးရွှေမင်း​ (ခေါ်) ဆီဖာလာလူး ကချင်ပြည်နယ် ဝိုင်းမော်တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။

ကချင်မှာ KIA က စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ (၁) ရွာနားက တိုက်ပွဲကို စစ်ကူလာတဲ့အချိန်မှာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးတာလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သူစီးလာတဲ့ကားလည်း မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

ဒူးလေးပါတီ ဥက္ကဋ္ဌဖြစ်ပြီး စစ်ကောင်စီက ချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ရထားသူ ဦးရွှေမင်းဟာ အာဏာသိမ်းပြီးနောက်မှာ ပြည်သူ့စစ်ဖွဲ့ပြီး စစ်ကောင်စီနဲ့အတူ KIA ကို တိုက်ခိုက်နေတာပါ။

……………………………………