တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
730

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

ဘန်ကောက်လေဆိပ်တွင် ပန်ဒါနီအပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးပမ်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ရှာတွေ့ခဲ့တာပါ။

ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ cotton-top tamarin လို့ခေါ်တဲ့ မျောက်တစ်မျိုး၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် အပါအဝင် ပုတ်သင်ညို၊ မြွေ၊ ငှက်၊ လင်းနို့ အစရှိတဲ့ တိရစ္ဆာန် ၈၇ ကောင်ကို တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲကနေ တိရိစ္ဆာန်အရှင်တွေ ခိုးထုတ်ဖို့ ကြိုးစားမှုအတွက် အိန္ဒိယနိုင်ငံသား ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

Ref: CNN

………………………………..

ဆွီဒင်က ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် ဖြစ်လာ

ဆွီဒင်နိုင်ငံဟာ NATO မဟာမိတ်အဖွဲ့ထဲ မတ်လ ၇ ရက်နေ့က ဝင်ရောက်လိုက်ပြီဖြစ်လို့ NATO အဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

အနောက်မဟာမိတ်နိုင်ငံတွေရဲ့ NATO အဖွဲ့ထဲဝင်ရောက်တဲ့ တရားဝင်အခမ်းအနားကျင်းပရာ ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာနကို ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson (အပ်ဖ် ခရစ်တာဆန်) က တက်ရောက်ခဲ့တာပါ။

၂၀၂၂ မှာ ယူကရိန်းကို ရုရှားက တိုက်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း မဟာမိတ် ၂ နိုင်ငံဖြစ်တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက NATO အဖွဲ့ထဲဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။

NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်ထားချက်ကို ဟန်ဂေရီလွှတ်တော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က အတည်ပြုပြီးတဲ့နောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုရမှသာ နေတိုးအဖွဲ့ဝင်နိုင်ငံရှိခဲ့တာဖြစ်လို့ ဆွီဒင်နိုင်ငံက စတင်လျှောက်ထားပြီး ၁၈ လကြာမှသာ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ဟောင်ကောင် သတင်းဌာနများ ပိုမိုတင်းကြပ်ခြင်း ခံနေရ

ဟောင်ကောင်သတင်းဌာနေတွေ နိုင်ငံရေးအရ သတင်းတွေ ရေးတဲ့အခါ သတိထားရေးဖို့ အစိုးရဘက်က ပိုမိုတင်းကြပ်လာတယ်လို့ သတင်းထောက်တွေက ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနကနေ ထုတ်ပြန်ချက်တွေ မထွက်လာသေးတဲ့အချိန်အထိ သတင်းတွေကို ခဏဆိုင်းငံ့ထားဖို့နဲ့ အစိုးရအာဘော်နဲ့ မညီတဲ့ စကားလုံး အသုံးအနှုံးတွေကိုလည်း မသုံးကြဖို့ အယ်ဒီတာတွေက သတင်းထောက်တွေကို ပြောထားတယ်လို့ ဆိုတာပါ။

တခါတလေ သတင်းထောက် အလုပ်လုပ်နေတယ်လို့ မခံစားရဘဲ ဝါဒဖြန့်နေတဲ့ လူတွေလို ခံစားရတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

အရင်ကတော့ ဟောင်ကောင်သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အာရှတိုက်မှာတော့ ကောင်းမွန်ခဲ့ပေမဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေ ပြဌာန်းလိုက်ပြီးတဲ့နောက် သတင်းအရည်အသွေးတွေလည်း ဆက်တိုက်ကျဆင်းလာနေတာပါ။

သတင်းတွေရေးသားတာတွေကို ထိန်းထိန်းသိမ်း ပိုလုပ်လာကြသလို အတိုက်အခံတွေဘက်ရဲ့ အသံတွေလည်း သိပ်မထည့်ကြတော့ဘူးလို့လည်း ဆိုထားကြပါတယ်။

Ref: VOA

………………………………..

ပြင်သစ်ဖွဲ့စည်းပုံဥပဒေတွင် သန္ဓေသားဖျက်ချခွင့်ကို ထည့်သွင်း

ပြင်သစ်နိုင်ငံမှာ သန္ဓေသားဖျက်ချခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရေးသားလိုက်ပါတယ်။

မတ်လ ၄ ရက်နေ့က ရေးသားလိုက်တဲ့ ဒီအခွင့်အရေးကို အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဆန့်ကျင်တဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

သန္ဓေသားဖျက်ချခွင့်ကို တရားဝင်လုပ်ရပ်အနေနဲ့ ပြင်သစ်လူထု ၈၅ ရာခိုင်နှုန်းလောက်က လက်ခံတာကို လူထုစစ်တမ်းတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပိုင်တဲ့အတွက် ဘယ်သူမှ လာပြီး ဆုံးဖြတ်လို့မရဘူးလို့ ဝန်ကြီးချုပ်က ဆိုထားပါတယ်။

ဒါကြောင့် ပြင်သစ်နိုင်ငံက ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို အခြေခံဥပဒေထဲ ထည့်သွင်းတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

Ref: BBC

………………………………..

အမေရိကန် ပါတီတွင်းရွေးကောက်ပွဲတစ်ချို့ ထရမ့်နှင့် ဂျိုးဘိုင်ဒန်နှစ်ဦး အနိုင်ရ

မတ်လ ၅ ရက်နေ့က လုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေမှာ သမ္မတ ဂျိုးဘိုင်ဒင် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ပါတီနေရာတွေမှာ တော်တော်များများ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာလည်း သူတို့ နှစ်ယောက်ပဲပြန်လည် ယှဉ်ပြိုင်ဖို့ ပိုပြီးနီးစပ်လာနေတာပါ။

အရင်က မရှိခဲ့ဘူးတဲ့ အပြတ်အသတ် အနိုင်ရတဲ့ နေ့တစ်နေ့ ဖြစ်ပြီး တိုင်းပြည်ရဲ့ သမိုင်းအတွက် ထူးခြားတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ထရမ့်က ဆိုပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ အပြိုင် သမ္မတလောင်းရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း နစ်ကီဟာလေ Nikki Haley ကတော့ ဗားမောဒ်ပြည်နယ်မှာ အနိုင်ရရှိခဲ့ပေမဲ့ ပါတီတွင်း မဲဆွယ်စည်းရုံးရေးတွေ ရပ်ဆိုင်းထားပါတယ်။

Ref: Aljazeera

………………………………..

ရုရှားဒုံးကျည် ယူကရိန်းသမ္မတယာဉ်တန်းအနီး ကျ

ရုရှားကပစ်လိုက်တဲ့ ဒုံးကျည်က ယူကရိန်းသမ္မတဇလန်းစကီးယာဉ်တန်းနား ကပ်ကျခဲ့ပေမဲ့ အန္တရာယ်ကင်းခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့က တိုက်ခိုက်ခံရချိန်မှာ ဂရိဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ယာဉ်တန်းမှာ ရှိနေတာပါ။

ယူကရိန်းသမ္မတနဲ့ ဂရိဝန်ကြီးချုပ်တို့နှစ်ဦး ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa မြို့ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ အနီးမှာ ပေါက်ကွဲသံတွေ ကြားလိုက်ရတာဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ငါးဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့တာပါ။

ဘယ်ကို ထိထိ ရုရှားက ဂရုမစိုက်ဘူးဆိုတာ မြင်နေရတယ်လို့ ယူကရိန်းသမ္မတက ပြောကြားခဲ့ပြီး ရုရှားဘက်ကတော့ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဟူသီသူပုန်တွေ ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံး

ဧဒင်ပင်လယ်ကွေ့မှာ ဟူသီသူပုန်တွေက မတ်လ ၆ ရက်နေ့က ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့လို့ သင်္ဘောသား ၃ ဦးသေဆုံးပြီး လူတွေ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ယီမင်နိုင်ငံရှိ အေဒင်ဆိပ်ကမ်းကနေ ရေမိုင် ၅၅ မိုင်ခန့်အကွာမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်ခံခဲ့ရတဲ့ ကုန်တင် သင်္ဘောတစ်စင်းပေါ်က ကျန်နေသေးတဲ့ သင်္ဘောသား ၂၁ ဦးကို အိန္ဒိယရေတပ်ကလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စွန့်ခွာထွက်ပြေးပြီး ဒုက္ခရောက်နေတဲ့သူတွေကို ရဟတ်ယာဉ်တွေ လှေတွေသုံးပြီး အိန္ဒိယရေတပ်က ကယ်တင်နိုင်ခဲ့ပြီး ကနဦး ကုသမှု ပေးနိုင်ခဲ့ပါတယ်။

Ref: NDTV

………………………………..

ယူကရိန်းဘက်က အကြမ်းဖက်သည်ဟု စွပ်စွဲကာ ရုရှားက ဘယ်လာရုစ်တက်ကြွသူကို ပစ်သတ်ဖမ်းဆီး

ရုရှားနိုင်ငံမြောက်ပိုင်း ကလားလီးယားဒေသက အုပ်ချုပ်ရေးရုံး အဆောက်အဦးကို ယူကရိန်းဘက်က ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲကာ ဘယ်လာရုစ်တက်ကြွသူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါကို ရုရှားလုံခြုံရေးတပ်ဖွဲ့က မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

အဲဒီလူဟာ ရုရှား-ဖင်လန်နိုင်ငံနယ်စပ်က အိုလွန်နက်စ်မြို့မှာ အကြမ်းဖက် ဖောက်ခွဲဖို့ကြံစည်နေတဲ့သူ ဖြစ်တယ်လို့ စွပ်စွဲခံရပါတယ်။

အဆောက်အဦနားကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေ ချဉ်းကပ်သွားပြီး သေနတ်နဲ့ ပစ်လိုက်ပြီးနောက် စွပ်စွဲခံရသူ ကြမ်းပေါ်မှာ လဲကျသေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယူကရိန်းတာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

Ref: The Moscow Times

………………………………..

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး အသက် ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

ကမ္ဘာ့ဂရင်းနစ်စံချိန်ဝင် အသက်အကြီးဆုံးအဘွားဖြစ်သူ မာရီယာက သူမ၏ အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို မတ်လ ၄ ရက်နေ့ကကျင်းပခဲ့ပါတယ်။

သူမက စပိန်နိုင်ငံ ဂျရိုနာမြို့က ဘိုးဘွားရိပ်သာမှာ ဆင်နွှဲခဲ့တာပါ။

မာရီယာ ဘရန်ယပ်စ် မိုရီရာဟာ ၁၉၀၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကိုမြို့မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

သူမဟာ Gerontology သုတေသနအဖွဲ့ရဲ့ မှတ်တမ်းအရရော ကမ္ဘာ့စံချိန် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်အရလည်း ၂၀၂၃ ခုနှစ်ကတည်းက ကမ္ဘာ့အသက်အရှည်ဆုံးသူ ဖြစ်ပါတယ်။

ဥရောပမှာ နေထိုင်နေသူတွေထဲ ၁၉၀၇ ခုနှစ်ဖွားက သူတယောက်ပဲ ရှိပါတော့တယ်။

Ref: Guinness World Record

………………………………..

တေလာဆွဇ်က အရှေ့တောင်အာရှတွင် စင်ကာပူတစ်နိုင်ငံတည်း ဖျော်ဖြေပွဲလုပ်သဖြင့် ဝေဖန်ခံရ

ကမ္ဘာကျော်အဆိုတော် တေလာဆွဇ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲအနေနဲ့ အရှေ့တောင်အာရှဒေသမှာ စင်ကာပူတစ်နိုင်ငံတည်းမှာပဲ ဖျော်ဖြေပွဲလုပ်မှာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်က အိမ်နီးချင်းနိုင်ငံတွေအပေါ် နိုင်ထက်စီးနင်း ရန်လိုတာမျိုးမဟုတ်ဘူးလို့ စင်ကာပူဝန်ကြီးချုပ်က ဆိုခဲ့တာပါ။

တေလာဆွဇ်ဟာ The Eras Tour တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနိုင်ငံမှာ မတ်လ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဂီတဖျော်ဖြေပွဲ ၆ ပွဲအထိ လုပ်သွားမှာ ဖြစ်ပါတယ်။

သူ့ရဲ့ဖျော်ဖြေပွဲတွေကို ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံမှ ပရိသတ်တွေအပါအဝင် လူပေါင်း ၃ သိန်းခန့် လာရောက်အားပေးဖို့ လက်မှတ်ဖြတ်ထားတာပါ။

စင်ကာပူအစိုးရဟာ တေလာဆွဇ်ကို သူတို့နိုင်ငံမှာပဲ ဖျော်ဖြေဖို့အတွက် ဖျော်ဖြေပွဲတစ်ပွဲကို ဒေါ်လာ ၃ သန်းကြားပေးဖို့ သဘောတူညီခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ကတော့ ဝေဖန်ထားပါတယ်။

Ref: CNN

………………………………..