မေတ္တာနယ်မြေတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

0
1323

မေတ္တာမြို့ နယ်မြေတစ်ဝိုက်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံအချို့က ပြောသည်။

မေတ္တာနှင့် ဟိန္ဒားပြင်၊ တောင်သုံးလုံးကျေးရွာတစ်ဝိုက်ကို စစ်တပ်က F8W တိုက်လေယာဉ်နှင့် Mi-2 အမျိုးအစား ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ဆိုသည်။

မေတ္တာဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် Mi-2 ရဟတ်ယာဉ် ထိမှန်သည်ဟု သတင်းများကြားရသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“Mi2 တစ်စီးကတော့ အမြီးပိုင်းထိပြီးတော့ မီးခိုးထွက်သွားတယ်လို့ ပြောတယ်။ ဒီဘက်ကပဲ ပစ်လို့ထိတာလား၊ မဟုတ်ဘဲနဲ့ သူ့ဟာသူ ပစ်တဲ့ပုံစံဖြစ်တာလား ကျွန်တော်တို့လည်း မသိသေးဘူး။ လောလောဆယ်တော့ အဲဒီဘက်မှာက တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” ဟု ကိုမင်းထက်က ပြောသည်။

မြေပြင်အခြေအနေတွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသဖြင့် ဗုံးကြဲချခဲ့သည့် အလုံးရေနှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။

“ဗုံးသုံးလုံးလို့ပဲ သိရတယ်။ ကြဲချခဲ့တာကတော့ အရင်နေ့က ကြဲချခဲ့တဲ့နေရာပဲလို့ သိရတယ်” ဟု မြေပြင်နှင့် အဆက်အသွယ်ရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြန်လည် ပြောဆိုသည်။

ထားဝယ် အရှေ့တောဘက်တိုက်ပွဲနှင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး Dawei Watch က ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က တာဝန်ရှိသူတစ်ဦးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်းမှူးတို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်ကတည်းက နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၆ ရက်နှင့် မတ်လ ၄ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။