တိုက်ပွဲဖြစ်သည့်နေရာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်ခံရသည့် စုံစင်ဖျားရွာဖြစ်ရပ်

0
1428
ပုံစာ - ၂၀၂၃ ခုနှစ် ဇွန်လက စစ်ကိုင်းတိုင်းတွင် လာရောက်ပစ်ခတ်သည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် မတ်လ ၄ ရက်က တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး ခရီးသွားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့သည်။

မတ်လ ၄ ရက် နေ့လယ် ၁၂နာရီခန့်တွင် စုံစင်ဖျားရွာနဲ့ သုံးမိုင်ခန့်အကွာ မြိတ်-ထားဝယ် ကားလမ်းဘေးတွင်ရှိသည့် ဝင်းဝနယ်မြေ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်တို့ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

ဖက်ဒရယ်စစ်ကြောင်းမှာ ထားဝယ်ခရိုင် PDF အမှတ် (၂) တပ်ရင်းနှင့် KNLA ပူးပေါင်းထားသည့် စစ်ကြောင်း ဖြစ်သည်။

တိုက်ပွဲ မွန်းလွဲ ၂နာရီခွဲအထိ ဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်း ဝင်းဝတံတား ဟိုဘက်သည်ဘက်က ယာဉ်များ အားလုံးရပ်တန့်သွားကြောင်း ပူးပေါင်းတပ်နှင့် ဒေသခံအချို့က ဆိုသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြန်ဆုတ်ချိန်ပြီး တစ်နာရီကျော်အကြာ ညနေ ၄နာရီခန့်တွင် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ Mi-2 အမျိုးအစား ရဟတ်ယာဉ်တစ်စီးတက်လာပြီး ဗုံးကြဲတိုက်ခိုက်ကြောင်း ကိုမင်းထက်က ပြောသည်။

ဝင်းဝရွာနှင့် ပြင်းဖြူသားရွာကြား၊ ဝင်းဝနှင့် စုံစင်ဖျားရွာကြားရှိ သဲချောင်းသားရွာဘက်၊ စုံစင်ဖျားရွာ စသည့် နေရာသုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပူးပေါင်းတပ်များ ဆုတ်သွားသည့် လမ်းကြောင်းဖြစ်မည်ဟုယူဆကာ ဗုံးလာကြဲခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောဆို သည်။

“တိုက်ပွဲဖြစ်တာက ဝင်းဝစခန်းနဲ့ အနီးကပ်ဖြစ်တယ်လေ။ ကြဲမယ်ဆိုရင် အနီးတဝိုက်မှာပဲ သူကြဲရမှာ။ ဒါပေမဲ့ ဘာမှ မဆိုင်တဲ့ ခရီးသွားယာဉ်တန်းပေါ်ကို ကြဲချတာ။ ကျွန်တော်တို့ မြင်တာကတော့ တိုက်ပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ဒီပြည်သူလူထု အပေါ် ကြဲတဲ့ဟာကတော့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ပေါ့နော်၊ အဲဒီလိုပဲမြင်တယ်” ဟု ကိုမင်းထက်က ဆက်လက် ပြောဆိုသည်။

တိုက်ပွဲဖြစ်သည့် ဝင်းဝနှင့် စုံစင်ဖျားတို့မှာ သုံးမိုင်ခန့်ဝေးပြီး ကြားတွင် သဲချောင်းသားရွာတစ်ရွာ ရှိသည်။

ဗုံးသီးအလုံးရေ ၁၄ လုံးခန့် ကြဲချခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့မှ မြေပြင်ရဲဘော်တစ်ဦးက မတ်လ ၄ ရက်နေ့က ပြောဆိုထားသည်။

နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး ရှစ်ဦးခန့်ဒဏ်ရာရကြောင်း ကိုမင်းထက်က ဆိုသည်။

တိုက်ပွဲကြောင့် စုံစင်ဖျားရွာဘက်တွင် ရပ်ထားသည့် ခရီးသွားယာဉ်တန်းပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ရွှေမန္တလေးကားဖြင့် လိုက်ပါလာသူ မြိတ်မြို့ ပုလောကုန်းရပ်ကွက်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က မတ်လ ၄ ရက်က ပြောဆို သည်။

ယင်းအပြင် အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရသည်ကြောင်း ၎င်းတို့က ဆိုသည်။

“ယာဉ်တန်းပေါ်ကိုပဲ ကြဲချသွားတာ။ ကားလည်း နည်းနည်းနာသွားတယ်။ စုံစင်ဖျားရွာထဲမှာတော့ ထိခိုက်မှုမရှိဘူး” ဟု စုံစင်ဖျားရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြိတ်-ထားဝယ် အတက်အဆင်းကားများအားလုံး တိုက်ပွဲဖြစ်ပွားချိန် ဝင်းဝတံတား ဟိုဘက်သည်ဘက်တွင် ပိတ်မိ နေခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်သို့ ဈေးဝယ်ပြီး ပြန်ဆင်းလာသည့် ဝဲရစ်ရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပစ်ခတ်သံတချို့လည်းကြားရတယ်။ ကားတွေကလည်း ပိတ်နေတယ်။ လေယာဉ်လာမယ်လိုလိုလည်း ပြောဆိုသံ သဲ့သဲ့ ကြားနေရတယ်ဆိုတော့ အမလည်း လမ်းမှာစောင့်မနေဘဲ သုံးဘီးငှားပြီး လာလိုက်တယ်။ ပြီးမှ ဝဲရစ်ကို လှေနဲ့ တစ်ခါပြန်ကူးပြီး အိမ်ပြန်လာတာ။ ထွက်လာပြီး မကြာဘူး လေယာဉ်နဲ့ ဗုံးလာကြဲတာပဲ” ဟု အထက်ပါအမျိုးသမီးက မတ်လ ၄ရက်နေ့က အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်ဘဲ ယင်းနှင့် သုံးမိုင်ခန့်အကွာက စုံစင်ဖျားရွာဘက်ကို ဗုံးကြဲခြင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်များ ယင်းလမ်းမှ ပြန်ဆုတ်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“PDF တွေ အဲဒီလမ်းက ပြန်ဆုတ် မဆုတ်တော့မသိဘူး။ စစ်တပ်က PDF တွေ ဒီလမ်းကနေ ပြန်ဆုတ်တာဖြစ်နိုင် တယ် အထင်နဲ့ ဗုံးကြဲတာဖြစ်မယ်။ နောက်ပြီး ပြည်သူတွေထိခိုက်ရင် PDF တွေ အလျှောပေးနိုင်တယ်ဆိုပြီး ပြည်သူ တွေသေအောင် သက်သက်မဲ့ ဗုံးကြဲတာဖြစ်မယ်။ ဘာလို့ဆို တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဗုံးကျဲသွားတဲ့နေရာက ဘာမှ မဆိုင်ဘူးလေ” အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

ထိခိုက်သူများမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ခရီးသွား ပြည်သူများသာ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၂ ရက်ကလည်း ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာအနီးက ရောင်းမော်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နံနက် ၅ နာရီကျော်မှ ၁၁ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ရောင်းမော်၊ ဆေးဖြတ်ကုန်း (သရက်ချောင်းမြို့နယ်) ၊ အင်းပြား၊ စော်ဖျားစသည့်နေရာများကို စစ်ကောင်စီတပ် က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးသီးအလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်များနှင့် ဒေသခံအချို့က ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက မတ်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

“ပြည်သူတစ်ဦးတော့ ဆိုင်ကယ်မောင်းပြီးပြေးချိန် လက်နက်ကြီးစထိပြီးသေသွားတယ်လို့ကြားရတယ်၊ လက်နက်ကြီး ထိတယ်ဆိုပြောတယ်။ ဆိုင်ကယ်နဲ့သွားနေချိန် လက်နက်ကြီးကျပြီး လက်နက်ကြီး စင်ပြီး သေတာလို့ပြောတယ်” ဟု ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲတွင် လက်နက်ခဲယမ်းများလည်း ပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့သည်။

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်အတွင်းက ဒေသခံပြည်သူထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။

ထားဝယ်ခရိုင်တွင် နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ဖြစ်လာနေသဖြင့် စစ်ကောင်စီ တပ်စခန်းနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး နေထိုင်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်နှင့် ဗုံးခိုကျင်းများတူးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောဆိုသည်။