စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီချက်အတွက်အခက်တွေ့နိုင်ဟု မြောက်ပိုင်းမဟာမိတ်ပြော

0
880
ပုံစာ - ရှမ်းမြောက်တိုက်ပွဲတွင် သိမ်းယူထားသည့် သံချပ်ကာကားနှင့်အတူတွေ့ရသည့် မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - The Kokang

မြောက်ပိုင်းမဟာမိတ်များ သိမ်းယူထားသည့် မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခြင်းမှာ အပစ်ရပ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ပူးတွဲ ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ်တို့ သိမ်းယူထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေသည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တို့ကို စစ်ကောင်စီက မတ်လ ၄ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ ကြား ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ထားပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်နေချိန် ယင်းသို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းကြောင့် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း ယနေ့ မတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် အဆိုပါမြို့သုံးမြို့တွင် နေထိုင်သည့် ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြသည်။

ဟိုင်ဂင် သဘောတူညီချက်အရ ရှမ်းမြောက်ဒေသတွင် အပစ်ရပ်သွားပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး၊ မြောက်ပိုင်းရှိ ပြည်သူများ စစ်ဘေးဒဏ်မှ ပြန်လည် ထူထောင်နိုင်ရေးအတွက် ကတိပြုထားကြကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။

ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း၊ သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံကူမင်းမြို့တွင် ဖေဖော်ဝါရီလ ၂၉ရက်နှင့် မတ်လ ၁ ရက်တို့တွင် စတုတ္တအကြိမ်မြောက်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။