ကော့ကရိတ်မြို့ထက်ဝက်ကျော်နှင့် အာရှလမ်းမကြီးကို ထိန်းချုပ်ထားကြောင်း KNU နှင့် NUG တို့ပြော

0
1063
ပုံစာ - ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သားပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှု။ Photos – KNU

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်ရန် အထူးအရေးပါသည့် အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပြီး ကော့ကရိတ်မြို့ကို သိမ်းယူထိန်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

မြို့တွင်းတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ချမှတ်ထားနိုင်ရန် စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲများအား နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်နေကြောင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနကမူ ဘားအံ-မြဝတီလမ်း အာရှလမ်းပိုင်းနှင့် ကော့ရိတ်မြို့ဧရိယာ ၆၀ ရာခိုင်နှုန်းကျော်တို့ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ PDF၊ SOF ၊ ဒရုန်းပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

သုံးလနီးပါး ကာလအတွင်း အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့တို့ရှိ စစ်ကောင်စီ အထိုင်တပ်စခန်း၊ တပ်စွဲထားသည့်နေရာ၊ ဂိတ်စခန်းနှင့် ရဲစခန်း ကိုးခုကို သိမ်းယူထားနိုင်ခဲ့ကြောင်း NUG က ဆိုသည်။

တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များသည် နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များ၊ ဆိုင်ခန်းများကို မီးရှို့ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချခြင်းတို့ကို လုပ်ဆောင်နေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။