ကံပေါက်တွင် အဝီစိရေတွင်းတူးသူများလာ

0
851

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် ယခုနှစ် နွေရာသီတွင် အဝီစိရေတွင်းတူးဖော်သူ များလာကြောင်း ဒေသခံများကပြောသည်။

ဖေဖော်ဝါရီလ တတိယအပတ် အတွင်း၌ပင် ကံပေါက်ကျေးရွာ ၊ ရပ်ကွက် ၄ ခု တွင် အဝီစိရေတွင်း ၈ တွင်းခန့် တူးဖော်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။

ခဲမဖြူနှင့်အဖြိုက်နက် ထွက်ရှိသည့် ကံပေါက်ဒေသတွင် မြို့ပေါ်ရပ်ကွက် ၁၀ ခု အနက် ရေတွင်းတူးဖော်နိုင်သည့် ရပ်ကွက် ၄ ခုခန့်သာရှိသဖြင့် နှစ်စဥ်နွေရာသီတွင် ရေအခက်အခဲကြုံရလေ့ရှိသည်။

“ အခုကတော့ ရေကရနေပြီ ။ ရေကမကြည်သေးဘူး။ တစ်လလောက်စောင့်ရဦးမယ်ပြောတယ်။ အရင်ကအဝီစိတွင်းတူးရင် မအောင်မြင်ဘူး ။ အခုကတော့ ရေထွက်ပြီးအောင်မြင်တယ်“ ဟု အဝီစိတူးဖော်ထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။

အဝစီစိတွင်းတစ်တွင်း ကုန်ကျငွေအနေဖြင့် တွင်းတူခ တစ်ပေ ကျပ်သုံးသောင်းခွဲနှုန်းဖြင့် ပေတစ်ရာနီးပါးတူးဖော်ရပြီး စက်တပ်ဆင်ခအပါအဝင် ကျပ်သိန်းငါးဆယ်ကျော်ကုန်ကျကြောင်း ၎င်းကဆက်ပြောသည်။

ယခုတူးဖော်ထားသည့် အဝီစိတွင်းများ၏ အခြေအနေကိုစောင့်ကြည့်​နေပြီး အဆင်​ပြေပါက တူးဖော်ရန်စီစဥ်နေသူများလည်းရှိကြောင်း ဒေသခံတို့ထံကသိရသည်။

ကံပေါက်ဒေသ၌ ရေကန်​တောင်(ဆည်)မှသွယ်ယူထားသည့် ကျေးရွာပိုင်ရေပိုက်လိုင်းသည် နှစ်စဥ် နွေရာသီတွင် ရေပြတ်တောက်​လေ့ရှိသဖြင့် ရေအခက်အခဲကြုံ​လေ့ရှိသည်။

ယင်းအချိန်တွင် ရေစည်ကား တစ်ကားလျှင် ကျပ်တစ်သောင်းမှနှစ်သောင်းဝန်းကျင်အထိ ပေးကာဝယ်ယူဖြေရှင်းနေရသည်ဟု ဒေသခံတို့ကဆိုသည်။

ယခုအ​ခြေအ​နေတွင် ​ရေရှားပါးမှုကို ​ဖြေရှင်းရန် နည်းလမ်းမှာ အဝီစိတွင်း တူးခြင်းသာရှိသဖြင့် ​ဒေသခံများမှာ ယင်းနည်းလမ်းကို ​ရွေးလာကြခြင်းဖြစ်သည်။

သို့​သော်မြေအောက်ရေ အထုတ်များလာပါက ​ရေရှည်တွင် ဆိုးကျိုးများဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရန် စီစဥ်ထားသင့်​ကြောင်း ပညာရှင်များက ​ထောက်ပြထားသည်။

မြေအောက်ရေ အဝင်များလာ​​စေရန် ကွန်ကရစ်၊ ကတ္တရာစသည့် ရေပိတ်လွှာများ မလိုအပ်ဘဲ ခင်းခြင်းကို ရှောင်ကြဥ်သင့်ကြောင်းနှင့် ၊ ရေအရင်း အမြစ်တစ်ခုတည်းကို အားကိုးနေရန် မသင့် ဘဲ မြေပေါ်ရေအရင်းအမြစ်များကို ကြိုတင်ရှာဖွေထားသင့်ကြောင်း ရေပညာရှင်ဦးကျော်ဦးက Dawei Watch နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။