မလေးရှားစက်ရုံ ပေါက်ကွဲမှုတွင် လောင်းလုံးသားတစ်ဦးအပါအဝင် မြန်မာ ၂ ဦး သေဆုံး

0
1309

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော စက်ရုံတွင်း ပေါက်ကွဲမှုတစ်ခုတွင် လောင်းလုံးဒေသခံတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးသေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဆယ်လန်ဂေါပြည်နယ် ပူချွန်းအူတာမာစက်မှုဇုန်အတွင်း ဂျလမ်းအူတာမာ ၂/၂၆ ရှိ စက်ရုံထဲတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သံဂဟေဖြတ်ရာတွင် သုံးသော အယ်စီတိုင်လင်းဓါတ်ငွေ့ ပြင်းအားများလာမှုကြောင့် စက်ရုံတစ်ခုလုံး ပျက်စီးသည်အထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မလေးရှားသတင်းတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် လောင်းလုံးဒေသခံ ကိုလာဖြူအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“အလောင်းနဲ့ ပတ်သက်ပြီး ဘာမှ အဖြေမသိရသေးဘူး။ အာဏာပိုင်တွေ ဆက်သွယ်လာမှ သိရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။

သူသည် လောင်းလုံးမြို့နယ် ကုန်းဇရပ်ရွာဇာတိဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားသမီးများ ကျန်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူများ၏ နာရေးကိစ္စများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်နေသဖြင့် ဈပနမပြုလုပ်နိုင်သေးကြောင်း မလေးရှား လူမှုကူညီရေးအဖွဲ့မှ ကိုစန်းဝင်းက ဆိုသည်။

“စက်ရုံထဲမှာ ဂတ်အိုးပေါက်ကွဲပြီး ဖြစ်တာ။ ဈာပနကိစ္စက အာဏာပိုင်တွေကနေ အလောင်းတွေ မပေးသေးဘူး။ လုံးဝ ပျက်စီးသွားတယ်။ ဒါကြောင့် ဈာပန လုပ်ခွင့်မရကြသေးဘူး” ဟု ကိုစန်းဝင်က ဆိုသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူနောက်တစ်ဦးမှာ စစ်ကိုင်းတိုင်းဇာတိဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးက လက်ရှိဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း မလေးရှားသတင်းတွင် ဖော်ပြချက်အရ သိရသည်။

Ref: The Star