တော်လှန်ရေးအရှိန်မြင့်နေသည့် ထားဝယ်အရှေ့တော

0
3147

စစ်အစိုးရအဆက်ဆက် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသော ထားဝယ်အရှေ့တောဒေသ။

ယခုစစ်အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး ကာလတွင်လည်း စစ်ကောင်စီကို အကောင်းဆုံး ခြိမ်းခြောက်ထားနိုင်နေသည်။

ပထဝီအနေအထားအရ အရေးပါသည့် ဒေသတစ်ခုဖြစ်သော ထားဝယ်အရှေ့တောကို လက်မလွှတ်ရရေး စစ်ကောင်စီကလည်း လေကြောင်းအကူအညီပင် အသုံးပြုတိုက်ခိုက်လာနေသည်။

ယခုရက်ပိုင်းအတွင်း ထားဝယ်အရှေ့တော နယ်မြေတွင် စစ်ကောင်စီက အကျအရှုံးများစွာရှိနေပြီး နယ်မြေစိုးမိုးမှု ပြန်ရရေးအတွက် အကြမ်းဆုံးနည်းလမ်းများဖြင့် လုပ်ဆောင်လာနေသည်။

သို့သော် တော်လှန်ရေးအဖွဲ့များ၏ ကောင်းမွန်စနစ်ကျသည့် တုန့်ပြန်မှုများနှင့်အတူ အကျအရှုံးများစွာ ရင်ဆိုင်လိုက်ရသည်။

အရှေ့တောဒေသ

ထားဝယ်အရှေ့တောဒေသဟု ဒေသခံများက အလွယ်ခေါ်ကြသည့်ဒေသမှာ သီးသန့်သတ်မှတ်ထားခြင်းမရှိဘဲ ‌အကြမ်းအားဖြင့်ထားဝယ်မြို့၏ အရှေ့ဘက်နေရာတစ်ခုလုံးကို လွှမ်းခြုံခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ပျမ်းမျှဧရိယာအားဖြင့် ၂၄၀၀ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အနောက်ဘက်တွင် ထားဝယ်မြို့၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်များနှင့် ထိစပ်နေကာ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက် ထိစပ်နေသည်။

ထိုင်း-မြန်မာနယ်စပ်သို့သွားရာ ထားဝယ် ထီးခီးလမ်းကလည်း ထားဝယ်အရှေ့တောဧရိယာကို ဖြတ်သန်းသွားသည်။

ထိုင်း-မြန်မာနယ်စပ် လမ်းကြောင်းပေါ်တည်ရှိသည့် အရှေ့တောဒေသမှာ သတ္တုလုပ်ကွက်များ၊ ကျောက်မီးသွေးလုပ်ကွက်များနှင့် နှစ်နိုင်ငံကူးလူးသွားလာရာ ဒေသလည်းဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU ထိန်းချုပ်ရာနယ်မြေလည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်အရှေ့တောဒေသကို ခြေကုပ်ယူကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သော်လည်း ပြောက်ကျားပုံစံထက် မပိုခဲ့ပေ။

အရှေ့တောဒေသရှိ ဝကုန်းရွာဝန်းကျင်၊ သင်္ကန်းတုံးရွာနှင့် သရက်ငုတ်ရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး၊ ထားဝယ်ဘက်မှ မေတ္တာမြို့အထိဧရိယာအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်သည်။

သို့သော် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ တပ်အရွှေ့အပြောင်းလုပ်သည့် စစ်ကြောင်းများနှင့် တပ်စခန်းများကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် ပြောက်ကျားပုံစံတိုက်ခိုက်ခြင်းသာ လုပ်ဆောင်နိုင်ခဲ့သည်။

ထိုကြောင့်လည်း တပ်အချိန်းအပြောင်းလုပ်သည့် စစ်ကောင်စီယာဉ်တန်းများနှင့် စစ်ကြောင်းများမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို အလွယ်တကူဖြတ်ကျော် ချီတက်နိုင်ခဲ့သည်။

ထိုအခြေအနေမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစကာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

အရှေ့တောက တိုက်ပွဲခေါ်သံ

အရှေ့တောကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များက ၂၀၂၄ ဖေဖော်ဝါရီလအတွင်း မထင်မှတ်ထားသော တိုက်ခိုက်မှုများနှင့် ဆက်တိုက်ကြုံတွေ့နေရသည်။

အင်အား ၃၀၀ နီးပါးပါ စစ်ကောင်စီတပ်သည် စစ်ကား ၁၇ စီးနှင့်အတူ ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် တော်လှန်ရေးတပ်များနှင့် လမ်းတစ်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်က တောက်လျှောက်အထိနာခဲ့ပြီး နှစ်ရက်ဆက်တိုက် လေကြောင်းပစ်ကူပေးရသည့် အခြေအနေအထိ ဆိုက်ရောက်သွားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်သေဆုံးပြီး စစ်ကား ၆ စီးလည်း ပျက်စီးသွားသည်။

၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅၀ ကျော် ထိခိုက်သေဆုံးပြီး စစ်ကား ၁၂ စီး ထိခိုက်ပျက်စီးသွားသည်။

ထိုသို့ စစ်ကောင်စီတပ်အား ထိထိမိမိချေမှုန်းနိုင်လာခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် KNU က ပူးပေါင်းပါဝင်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်အရှေ့တောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KNU တပ်မဟာ ၄ ၏ တပ်ရင်း ၁၀၊ ၁၂ နှင့် တပ်မဟာ ၆ ၏ တပ်ရင်း ၂၇ တို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

“အခုတော့ဗျူဟာကျကျနဲ့ စစ်ရေးကျွမ်းကျင်တဲ့သူတွေနဲ့ လက်နက်ခဲယမ်း အထောက်အပံ့ပြည့်ပြည့်ဝဝနဲ့ သင်တန်းပြီး ထားတဲ့ ရဲဘော်တွေနဲ့ စုပေါင်းပြီးတိုက်တော့ ချေမှုန်းတဲ့အဆင့်အထိ ဖြစ်လာတာပေါ့”ဟု အထက်ပါ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က တော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားကို KNU တပ်မဟာ ၆ က စစ်သင်တန်း ပေးထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံမှ သိရသည်။

Dawei Defense Team DDT တာဝန်ခံ ကိုရေလှိုင်းကလည်း လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များက KNU ၏ ဦးဆောင်မှုအောက်တွင် စစ်ရေးဗျူဟာကျကျဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်အထိနာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် DDTတပ်ခွဲ-၂ (ထားဝယ်- ပကဖ) ၊ ဗထူးတပ်မတော် (BHA) ၊ ထားဝယ်စုပေါင်းစစ်ကြောင်း- (DCC) တို့အပါအဝင် အခြားတော်လှန်ရေးအဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေသည်။

“နည်းစနစ်ကျကျနဲ့ ဗျူဟာခင်းနိုင်လို့ အောင်မြင်မှုကို ရတာပါခင်ဗျား။ တစ်ကယ်လို့များ ဒီလိုဗျူဟာခင်းနိုင်တာက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက လုပ်နိုင်ရင် ထားဝယ်က(သိမ်း)ပါတယ်။စခ အင်အားက မရှိဘူးခင်ဗျား”ဟု DDT တာဝန်ခံ ကိုရေလှိုင်းက ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU အပြင် ကော်သူးလေတပ်မတော် (KTLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ဆယ်ချီ အခြေပြုလှုပ်ရှားနေသည်။

လက်ရှိတိုက်ပွဲဖော်ဆောင်ရာတွင် KNU ၏ ဦးဆောင်မှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များအပြင် ကော်သူးလေ တပ်ဖွဲ့ဝင်အချို့လည်း ပူးပေါင်းပါဝင်နေကြောင်း တော်လှန်ရေးရဲဘော်အချို့က ဆိုသည်။

“အခုက (တပ်မဟာ)၆ ရဲ့ conmand နဲ့ပဲ ညီညွတ်လာကြတယ်ခင်ဗျား။ သူ့ရဲ့ အမိန့်ပေးထိန်းချုပ်မှုအောက်မှာပဲ အကုန်လုံးအမိန့်နာခံပြီး သွားနေကြတော့ အောင်မြင်မှုရတာလို့ ကျွန်တော်ထင်တယ်”ဟု ကိုရေလှိုင်းက ပြောသည်။

ယင်းကာလမတိုင်မီကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်ကို အထိနာစေသည့် တိုက်ပွဲအချို့ရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ထားဝယ်အရှေ့တော ဘန်ချောင်းဒေသရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းခြေကုပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ကျောက်ထုတပ်စခန်းကို သိမ်းပိုက်ချိန်ကလည်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၈ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ယင်းသို့ မဟာဗျူဟာကျကျဖြင့် စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက်သွားနိုင်မည်ဆိုပါက ထားဝယ် အရှေ့တောဒေသမှာ မကြာမီအချိန်တွင် လွတ်မြောက်နယ်မြေ သို့မဟုတ် စိုးမိုးနယ်မြေဖြစ်လာမည်ဟု တော်လှန်ရေးသမားများကမျှော်မှန်းထားကြသည်။

ယင်းဒေသကို အပြည့်အဝထိန်းချုပ်စိုးမိုးနိုင်ပါက တော်လှန်ရေးတပ်များအတွက် လက်နက်သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူလာနိုင်ကြောင်း ထားဝယ်အရှေ့တောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်မျက်နှာ အရှေ့ကိုတိုးလာဖို့အတွက် မြို့ဧရိယာနဲ့နီးလာဖို့ပိုပြီး အခွင့်အရေးရလာမယ်။ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေး အတွက် ပိုပြီးလွယ်ကူလာမယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ပိုဖိလာနိုင်

ထားဝယ်အရှေ့တောဒေသတွင် အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြာင်းပစ်ကူများ အသုံးပြုပြီး စစ်ရေးအသာရရန်လုပ်ဆောင်လာနိုင်ကြောင်း တောလှန်ရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ကပင် ၎င်းတို့တပ်အထိနာနေချိန် စစ်ကောင်စီလေတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

သို့သော်တော်လှန်ရေးအဖွဲ့များက အင်အားတောင့်တင်းနေမှုကြောင့် စစ်ကောင်စီတပ်က ဟိန္ဒားသတ္တုမိုင်းရှိ တပ်စခန်းကိုစွန့်ခွာကာ မနီးမဝေးရှိ ကျောက်မဲတောင်နယ်မြေရဲစခန်းသို့ သွားရောက်ပူးပေါင်းလိုက်သည်။

တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် မြန်မာပွန်ပီပက်ရုံးနေရာကို သိမ်းပိုက်မီးရှို့လိုက်သည်။

ထို့အပြင် တော်လှန်ရေးတပ်များက မေတ္တာမြို့ရဲစခန်းကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သိမ်းပိုက်မီးရှို့လိုက်ပြီး စစ်ကောင်စီ၏ ရှေ့တန်းစစ်ဗျူဟာ-၃ (မေတ္တာ)၏ ဗျူဟာကုန်းကိုလည်း တိုက်ခိုက်ခဲ့သည်။

ယင်းအခင်းအကျင်းမှာ ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲများစဖြစ်ချိန်ကတည်းက ကြိုတင်မျှော်မှန်းထားပြီးဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။

“ဒီလိုဖြစ်လာမယ်ဆိုတာ သာမန်အရပ်သားတွေတောင် မျှော်မှန်းထားပြီးသားပေါ့။ သူတို့(စစ်ကောင်စီ)ဆို ပိုသိလိမ့်မယ်။ အရှေ့တောဒေသကို ရပြီးရင် ထားဝယ်ကိုရဖို့က မခက်တော့ဘူးလို့ ပြောရမယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၈ ရှိပြီး ၎င်း၏လက်အောက်တွင် တပ်ရင်း ၁၀ ခုရှိသည်။

ထို့တပ်များအပြင် ကမ်းရိုးတန်းစစ်ဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် လက်ရုံးတပ်များရှိသည်။

သို့သော် စကခ-၈ လက်အောက်ခံ တပ်ရင်းများမှာ ကရင်ပြည်နယ်တစ်ခွင်နှင့် တနင်္သာရီတိုင်းပြင်ပသို့ စစ်ဆင်ရေးထွက်နေရသည့်အတွက် တပ်ရင်းတွင်ကျန်ခဲ့သည့် နောက်ချန်အင်အားသာ ရှိသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား ၃၀၀ ခန့်မှာ စစ်ကောင်စီတပ်ရင်းများ၏ နောက်ချန်အင်အားများထဲမှ ရသမျှကို ပြန်လည်ထုတ်နုတ်ပြီး ချီတက်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရှေ့တန်းစစ်ဗျူဟာ-၃ (မေတ္တာ)လက်အောက်ခံ ခလရ ၁၀၄ တပ်ရင်း၊ ခလရ ၂၆၇ တပ်ရင်းနှင့် စကခ-၈ လက်အောက်ခံ ခမရ ၄၀၂ တပ်ရင်း၊ ခမရ ၄၀၈ တပ်ရင်းများမှ စုပေါင်းစပ်ပေါင်းလုပ်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ စာရင်းအရ တော်လှန်ရေးအဖွဲ့များက မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၆ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ယင်းစာရင်းမှာ တော်လှန်ရေးအဖွဲ့များ၏ တရားဝင်ထုတ်ပြန်ထားချက်သာဖြစ်ပြီး ထုတ်ပြန်ခြင်းမရှိသေးဘဲ ထိန်းချုပ်ထားနိုင်သော ဒေသများလည်းရှိနေသေးသည်။

စစ်ကောင်စီမှာမူ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန်တွင် အဖက်ဖက်က ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေရသလို သေဆုံးဒဏ်ရာရသူများ၊ ဘက်ပြောင်းသူများနှင့် ထွက်ပြေးသူများကြောင့်လည်း အင်အားအများအပြား ပြုန်းတီးနေသည်။

ယင်းအခြေအနေတွင် တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေပြီး မြို့ပေါ်တိုက်ပွဲများ ဖော်ဆောင်လာခြင်းဖြစ်သည်။

ထားဝယ်အရှေ့တောမှာ စစ်ကောင်စီအတွက် အကြောက်ရဆုံး တော်လှန်ရေးနယ်မြေ တစ်ခုဖြစ်လာနေပြီဟု တော်လှန်ရေးအဖွဲ့များက ဆိုကြသည်။