ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဗုံးကြဲ

0
2248

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ်အဖြစ် ယ​နေ့(ဖေဖော်ဝါရီ ၂၁) မွန်းလွဲပိုင်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

အရှေ့တောဒေသရှိ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားကို စစ်ကောင်စီလေတပ်က MI-2 ရဟတ်ယာဉ်ဖြင့် ဗုံးလေးလုံးကြဲချသွားကြောင်း သိရသည်။

အဆိုပါဒေသတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှစကာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

လက်ရှိဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုအသေးစိတ်ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်မြို့နေ အမျိုးသားတစ်ဦးကလည်း ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့အပေါ်မှ စစ်ရဟတ်ယာဉ် MI-2 တစ်စီး ခပ်မြင့်မြင့် ပျံသန်းနေသည်ဟုဆိုသည်။

“အခုလေးတင် ထားဝယ်လေယာဉ်ကွင်းကို ဆင်းလာတယ်” ဟု ဗုံးကြဲပြီး မိနစ်ပိုင်းအကြာတွင် Dawei Watch ကို ပြောသည်။

ယနေ့ နံနက်ပိုင်းတည်းက ဝကုန်းရွာဘက်မှ ပစ်ခတ်သံများကြားနေရပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်ဟု ဝကုန်းရွာနှင့် တစ်ဆက်တည်းရှိ​သော ကျောက်မဲတောင်ရွာက ဒေသခံအမျိုးသမီးက ပြောသည်။

“လေယာဉ်နဲ့ဗုံးလာကျဲသွားတာ အခုလေးတင်ပဲ၊ တို့တွေလည်းပုန်းနေရတယ်။ ထိခိုက်မှုမသိဘူး။ ဝကုန်းဘက်ကိုလည်း ဖုန်းအဆက်အသွယ်မရဘူး” ဟု ၎င်းက ပြောသည်။

သင်္ကန်းတုန်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းရောက်နေသည့် လေးရက်ခန့် အချိန်တည်းက ဝကုန်းရွာက ဒေသခံများကို ဖုန်းဆက်သွယ်မရဖြစ်နေသည်။

စစ်ကောင်စီတပ်က တနင်္သာရီ၊ ပုလောနှင့် ကျွန်းစုမြို့နယ်များတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာ​နေပြီး ထားဝယ်အရှေ့တောဒေသကို ယခု ပထမဆုံးအကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။