လက်နက်ကြီးပစ်ခတ်နေသဖြင့် သရက်ချောင်း၊ မင်းဒပ်ရွာမှဒေသခံများ ထွက်ပြေးနေရ

0
1130

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်က မင်းဒပ်ရွာအနီးဝန်းကျင်ကို မနေ့က ညနေပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေးနေရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်ကစပြီး ယနေ့နေ့လယ်ပိုင်းအထိ ကျေးရွာအနီးဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေခြင်းဖြစ်ပြီး လက်နက်ကြီး အလုံး ၄၀ ခန့်ရှိပြီဟု ဒေသခံအချို့က ပြောသည်။

“မင်းဒပ်ကသူတွေ မနေ့တည်းက တို့ရွာကို ပြေးလာကြတယ်။ တို့အိမ်ကိုလည်း ရောက်နေကြတယ်။ ရွာထဲတော့ မကျဘူး။ ရွာအပြင်ဘက်နေရာတွေကိုကျတယ်။ တို့ရွာနဲ့လည်း ဝင်းဝက တမိုင်ကျော်ကျော်ပဲ ဝေးတာဆိုတော့ တို့တွေလည်း စိုးရိမ်နေရတယ်။ ရွာမှာပြန်လာဝင်နေတာ အခုမှ သုံးရက်ပဲရှိသေးတယ်” ဟု ဝဲရစ်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လူနှင့် နေအိမ်ထိခိုက်မှု မကြားရသော်လည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမည်စိုးသဖြင့် မနေ့ညနေကတည်းက အခြားရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မင်းဒပ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“တခါတည်း ဆက်တိုက်ပစ်တာတော့မဟုတ်ဘူး။ တစ်အောင့်လောက်ကြာရင် နှစ်လုံးသုံးလုံး၊ ခဏကြာ နှစ်လုံးသုံးလုံး အဲ့လိုခြားခြားပြီး လျှောက်ပစ်နေတာ။ ကျွန်မတို့တော့ လက်နက်ကြီးကြောက်လို့ မနေ့တည်းက ထွက်ပြေးလာတာ။ တချို့လူတွေတော့ရွာထဲမှာပဲ နေနေကြတာလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဒေသတဝိုက်ကို လှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဝင်းဝနယ်မြေရဲစခန်းကိုပြန်သွားသဖြင့် ရငဲ၊ ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ကနက်သီရိ၊ ကျွဲမင်းကုန်း စသည့်ကျေးရွာက ဒေသခံအချို့မှာ နေရပ်ပြန်နေကြပြီဖြစ်သည်။