ရနောင်းတွင် တရားမဝင် မြန်မာလုပ်သားများ တစ်ညတည်း ဆက်တိုက်ဖမ်းဆီးခံရ

0
1171

ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် တပြိုင်နက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော မြန်မာလူငယ်အများအပြားမှာ ထိုင်းနယ်စပ်ကိုဖြတ်၍လှေဆိပ်၊ တောလမ်းများအတိုင်း ခိုးဝင်လာနိုင်သဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက ရနောင်းရှိကရဘူရီ၊ ရနောင်း၊ စုမ့်စာရမ်ဒေသများတွင် စစ်ဆေးရေးဂိတ်များထား၍ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။

ညဘက်တွင် စုမ်စာရမ်ဒေသရှိ ရွှံ့ဗွက်ပေပွနေသော ကားတစ်စီး ဆီအုန်းခြံထဲမှ မောင်းလာသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးရာ မြန်မာလူငယ် ၅ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထပ်မံ၍ နာ့ခါးရွာထဲမှ ဖက်စဆမ်လမ်းမကြီးပေါ်ထွက်လာသော အိမ်စီးကားကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ထိုင်းကားသမားနှင့် မြန်မာနိုင်ငံသား ၃ ဦးကိုဖမ်းဆီးရမိခဲ့သည်။

နောက်ထပ် ကားနှစ်စီး ထပ်ရှိသေးကြောင်း သတင်းရရှိသေးသဖြင့် ကမ်းဖွမ်းရွာအနီး စောင့်ကြည့်ဖမ်းဆီးခဲ့ရာ ပစ်ကပ်ကားတစ်စီးနှင့် အိမ်စီကားတစ်စီးကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပစ်ကပ်ကားပေါ်တွင် မြန်မာအမျိုးသား၊ အမျိုးသမီး ၅ ဦးနှင့် ထိုင်းကားသမားတစ်ဦး၊ ကျန်အိမ်စီးကားပေါ်တွင် မြန်မာအမျိုးသား ၆ ဦးနှင့် ထိုင်းကားသမားကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိထားသော မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများကို စုမ်းစာရမ်ရဲစခန်းသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုသည် ထိုင်းသတင်းဌာန၏ ဖော်ပြချက်များအရ ၂၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တွေ့ရပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်။