ကျိုက်ထိုတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်

0
724

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရိသည်။

ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်က ရွာအနီး တောစပ်တွင် တံမြက်စည်းလုပ်သည့် နတ်မြှားပင် သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုရန်နိုင်စိုး၏ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ပိုင်း ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်နှင့်ခန္ဓာကိုယ်အနှံတွင်လည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“သူက တံမြက်စည်းလုပ်ဖို့ တောထဲမှာ နတ်မြှားတံသွားရှာရင်း မိုင်းထိသွားတယ်။ ခြေထောက်တစ်ဖက်ကတော့ ပြတ်ထွက်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည့် ကိုရန်နိုင်စိုးကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏အကူအညီဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံမှတစ်ဆင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် ရော်ဘာခြံသွားစဉ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေသည့် မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ရေးမြို့နယ်တို့တွင်လည်း အရပ်သားများ မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှု ၁၀ ဦးထက်မနည်းရှိခဲ့ပြီး မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြေထောက်ဖြတ်တောက်ခံရသူများ၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေသည်။