ဘန်ကောက်အနီးတွင်ကျင်းပသည့် တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲများ လာရောက်တားဆီး

0
997

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပကန်ခရိုင်တွင် ကျင်းပခဲ့သော စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ပွဲစီစဉ်ထားသူများထံမှ သိရသည်။

စမွတ်ပကန်ခရိုင် ဘန်းစောင်ထုန်းဒေသ ထိုင်ပကန်ဘောလုံးကွင်းတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများက အာဏာပြန်ယူ အောင်လံထူ ရန်ပုံငွေ ဖျော်ဖြေရေးပွဲကြီးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီတွင် ကျင်းပနေစဉ် လာရောက်တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးရန်ပုံငွေပွဲကျင်းပရန် ထိုင်းအာဏာပိုင်များထံတွင် ခွင့်ပြုချက်တင်ထားခဲ့ခြင်းမရှိသဖြင့် လာရောက်တာဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ဘောလုံးကွင်းပိုင်ရှင်ကလည်း ခွင့်ပြုချက်တောင်းခံရာတွင် နားလည်မှုလွဲမှားသွားခြင်းဖြစ်နိုင်ကြောင်း ပွဲစီစဉ်သူတစ်ဦးထံမှ သိရသည်။

“ရဲတွေလာပြီး မပေးလုပ်ချင်လို့ဆိုတာရယ် စာရွက်စာတမ်းမပြည့်စုံလို့ဆိုတာရယ်ပြောတယ်။ နောက် လူစုခွဲခိုင်းလို့ဆိုတော့ အကုန်လုံးက ပြန်ကုန်ကြတယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ဆိုသည်။

ပွဲကို Generation Z အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်္ကျီများဖြစ်သော အနီရောင်အင်္ကျီများကိုလည်း ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ပွဲအခမ်းအနားတွင် အငြိမ့်ကဲ့သို့ ဖျော်ဖြေရေးများ ပါဝင်မည်ဖြစ်ပြီး ဝင်ကြေးလက်မှတ်အတွက် ၂၉၉ ဘတ်ကျမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပွဲအခမ်းအနားကို ရဲတပ်ဖွဲ့က ဆူပူမှုမဖြစ်ရန် လာရပ်နားခဲ့ခြင်းဖြစ်ပြီး လူငယ်များတဖြည်းဖြည်း လူစုခွဲခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပွဲကို ည ၆ နာရီမှ ၁၂ နာရီအထိ ကျင်းပပြီး ဟားငါးကောင်အဖွဲ့က လာရောက်ဖျော်ဖြေရန် ရည်ရွယ်ထားသော်လည်း ပွဲပျက်သွားခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူများက တရားဝင် တောင်းပန်ထားသည်။

Ref: Thai PBS, CH 3 Plus