သထုံတွင် ကားတိုက်မှုဖြစ်ပြီး လူခုနစ်ဦးသေဆုံး

0
1090

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့် က သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် တွဲကားနှင့် ဘီးလင်းဘက်မှ သထုံဘက်သို့ လာ သည့် ပရိုဘောက်စ်တို့ ကရင်လေးဆိပ်ကျေးရွာအနီးအရောက်တွင် မျက်နှာချင်းဆိုင် တိုက်မိကြောင်း ၎င်းတို့ထံမှ သိရသည်။

ကားနှစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျသွားပြီး ပရိုဘောက်စ်ကားပေါ် တွဲကားကျသွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ကားက မြောင်းထဲကျသွားပြီးတော့ ပရိုဘောက်စ်က တွဲကားအောက်ရောက်သွားတယ်။ ပရိုဘောက်စ်မှာ ပါလာတဲ့ အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပရိုဘောက်စ်ကားသည် သံဖြူဇရပ်မှ ကားဖြစ်ပြီး ကားပေါ်လိုက်ပါ လာသူများသည် ထင်းရှူး ကျေးရွာ၊ စက်စဲ ကျေးရွာနှင့် ကျိုက္ခမီမြို့တို့မှ ဖြစ်ကာ ရန်ကုန်မှ ပြန်လာကြခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မော်လမြိုင်မြို့တွင် တစ်ရက်တည်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ ကလေးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။