ရန်ကုန်နှင့် မန္တလေးတွင် လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်စာများဖြန့်

0
6273

ရန်ကုန်နှင့် မန္တလေးတို့တွင် လူမျိုးရေးမုန်းတီးရေးစာများ လိုက်လံဖြန့်ဝေနေသည်ကို တွေ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် စစ်သင်္ဘောသုံးစင်း တိုက်ခိုက် နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မိသားဝင် ရာနှင့်ချီ သေဆုံးပြီး အသက်ရှင်သူများလည်း အသတ်ခံရသည်ဟုဆို ယင်းအပေါ် လက်တုံ့ပြန်ရန် ယင်းသို့ ဖြန့်ဝေနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၈ရက်တွင် စစ်သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ထောက်ခံသူများ၏ လူမှုကွန်ရက်တွင် လူမျိုးရေးမုန်းတီးရေး စာများ စတင်ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။

ရခိုင်လူမျိုးများ၏ ဆိုင်များတွင် စျေးမဝယ်ရန်၊ ရခိုင်မုန့်တီကို မစားကြရန်၊ ရန်ကုန်၊ မန္တလေးရောက် ရခိုင်လူမျိုးများကို လက်တုံ့ပြန်ရန် စသည့်စာများ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ယင်းနောက်လေးရက်အကြာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မန္တလေးမြို့ပေါ်တွင် လူမျိုးရေးမုန်းတီးရေးစာများ စတင်ဖြန့်ဝေလာ ကြသည်။

AA လုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် ရခိုင်စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များတွင် မဝယ်ကြရန်၊ ရခိုင်လူမျိုးများ မန္တလေးမှ ထွက်သွားရန် စသည့် စာများကို လူစည်ကားသည့် နေရများတွင် လိုက်ကပ်ထားကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။

ရန်ကုန်တွင်လည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလားတူ လူမျိုးရေးမုန်းတီးရေးစာများကို ရခိုင်စားသောက်ဆိုင်များ အပါအဝင် လူစည်ကားသည့် နေရာတို့တွင် လိုက်ကပ်ထားကိုလည်းကိုလည်း တွေ့ရသည်။

“ရခိုင်လူမျိုးတွေကို မုန်းတီးရေးတွေ လုပ်နေတာကြောင့် စိတ်ပူနေရသလို စစ်မှုထမ်းရမယ်ဆိုတာကြောင့်လည်း စိုးရိမ်နေရ တယ်။ ပဋိပက္ခတွေ ပြင်းထန်တဲ့အချိန်တွေမှာ အခုလိုမျိုး လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေ လုပ်လေ့လုပ်ထရှိတာကို သတိပြုဖို့ လိုပါတယ်” ဟု မန္တလေးရောက် ရခိုင်လူမျိုးတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် မြို့များသိမ်းယူခံရခြင်း၊ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများ သိမ်းယူခံရခြင်း စသည့် စစ်ရေးအရ အရေးနိမ့်နေချိန်ဖြစ်သည်။ ယင်းကဲ့သို့ အကျပ်အတည်းဆိုက်နေချိန်မျိုးတွင် လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်ခြင်းများ ပြုလုပ်ကာ ထွက်ပေါက်ရှာလေ့ရှိကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။

စစ်သင်္ဘောသုံးစင်း တိုက်ခိုက်နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် လက်နက်ချရန် ပြောဆိုသည်ကို လက်မခံ ပြန်လည် တိုက်ခိုက်သဖြင့် သေဆုံးမှု များသွားဖြစ်ပြီး ရေကူးပြီး လွတ်မြောက်လာသူများကို ကယ်တင်ထားကြောင်း ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။