ကော့သောင်း-ရနောင်း သွားလာသူ နှစ်ဆကျော်မြင့်တက်

0
2271

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်သော လူငယ်များ စစ်မှုထမ်းရမည့်ဥပဒေကို အသက်သွင်းပြဋ္ဌာန်း လိုက်ပြီးနောက် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ သွားလာသူများ နှစ်ဆကျော်မြင့်တက်လာကြောင်း ကော့သောင်းမြို့ခံများနှင့် ပဲ့ချိတ်လှေသမားများက ပြောသည်။

၇ရက် ယာယီနယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်လက်မှတ် (TBP စာအုပ်) ဖြင့် တစ်ရက်လျှင် နှစ်ရာခန့်သာ သွားရောက်လေ့ ရှိသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ငါးရာကျော်အထိ ရှိလာကြောင်း ကော့သောင်းမြို့ခံ ပဲ့ချိတ်လှေသမား တစ်ဦးက ဆိုသည်။

“မိုးလင်းတုန်းက မနေ့ကထက် ပိုများလာတာ သိသာတယ်။ တန်းစီနေကြတာ ပန်းခြံနားအထိရောက်တယ်။ နည်းတာ မဟုတ်ဘူး။ ပိတ်ဖို့အနေအထားရှိနေသလိုပဲ ကျွန်တော်တို့ ထင်ထားတာက။ အခုတော့ မပိတ်သေးဘူး” ဟု ၎င်းက ပြော သည်။

ရနောင်းတွင် ပွဲတော်ရှိသောနေ့ရက်များတွင်သာ ယခုကဲ့သို့ အရေအတွက်များစွာ သွားသည်ကို တွေ့မြင်ရတတ်ပြီး ယနေ့ နံနက်ပိုင်းတွင် ပုံမှန်ထက်သွားလာသူများနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ကော့သောင်းဒေသခံ နောက်တစ်ဦးက ပြောဆိုသည်။

“ပုံမှန်ဆို ရနောင်းမှာ ပွဲတွေရှိမှ သွားကြတာ။ ဒီနေ့ကတော့ ပုံမှန်လိုမဟုတ်ဘဲ သွားတဲ့သူ တော်တော်များတယ်။ မိုးလင်း ၆ နာရီ ဖွင့်ကတည်းက သွားလိုက်ကြတာ ညနေပိုင်းအထိပဲ” ဟု ၎င်းက ပြောသည်။

ရနောင်းသို့ သွားသူများတွင် TBP စာအုပ်ဖြင့် သွားလာနေသူများလာသကဲ့သို့ ကော့သောင်းအိမ်ထောင်စုရှိသူများကို ထုတ်ပေး နေသော ၂ နှစ်သက်တမ်းရှိ စာအုပ်ကြီး (BP- နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) ကိုလည်း လဝကရုံးတွင် လာလုပ်နေသူ သိသိသာသာ များပြားလာခဲ့ကြောင်း ကော့သောင်းလဝကရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုံမှန်နေ့များတွင် ၂ နှစ်စာအုပ်ကြီးလာလုပ်သူဦးရေသည် ၂၀ ခန့်သာရှိသော်လည်း ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရေအတွက် ၅၀ အထိ ရှိလာခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပိတ်မယ်ဆိုပြီးသတင်းတွေ ဘယ်သူလိုက်ဖြန့်လဲ မသိဘူးဗျာ။ ကျွန်တော်တို့တောင် မသိရဘူး။ စာအုပ်လာလုပ်တဲ့ ဦးရေက သိသိသာသာကို တိုးလာတယ်ဗျ။ ကျွန်းပိတ်သွားတော့ (ထိုင်းဘက်သွားဖို့) လာလုပ်ကြတဲ့သူတွေလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

ရနောင်းသို့ ၇ ရက်ဖြတ်သန်းခွင့်စာအုပ် (TBP-ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) ကို မှတ်ပုံတင်ပါသူများ သွားလာနိုင်ပြီး အကယ်၍ ကော့သောင်းမြို့ခံမဟုတ်ဘဲ အခြားမြို့နယ်များမှ ပထမဆုံး လာရောက်သူများဖြစ်ပါက နယ်စပ်ဂိတ်က မှတ်ပုံတင်များ သိမ်းထားတတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်း အိမ်ထောင်စုရှိသူများအတွက် ၂ နှစ်စာအုပ်ကြီး (BP-နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) ကို ပုံမှန်အတိုင်း ထုတ်ပေးနေပြီး နယ်စပ်ဂိတ်ကိုတော့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပုံမှန်ဖွင့်လှစ်လျက်ရှိကြောင်း လဝကရုံးနှင့် နီးစပ်သူများထံမှ သိရသည်။