ထိုင်ဝန်ကြီးချုပ်ဟောင်းသက်ဆင် တနင်္ဂနွေနေ့တွင် ပြန်လွတ်မည်

0
1040

ထောင်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်သည် လာမည့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ယနေ့တွင် ပြောကြားသည်။

သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးတွင် ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီစင်ကလည်း ပြောသည်။

ပြုပြင်ထိန်းသိမ်းရေးဌာနက ပို့ပေးလိုက်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၄၅ ဦးကို အတည်ပြုရာတွင် ၉၃၀ ဦးသည် ကျန်းမာရေးအရ၊ အသက်အရွယ်အရ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကိုက်ညီမှုရှိကြောင်း တရားရေးရာဝန်ကြီးက ဆိုသည်။

သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်တော်ပြန် လာခဲ့ပြီးနောက် တရားရုံးက အကျင့်ပျက်ချစားမှုနှင့် သက်ဆိုင်သော အမှုသုံးမှုအတွက် ထောင်ဒဏ် ၈ နှစ် ချက်ချင်း ချမှတ်ခဲ့သည်။

သို့သော်လည်း ကျန်းမာရေးအခြေအနေအရ ထောင်ထဲတွင် နာရီပိုင်းသာ နေထိုင်ခဲ့ရပြီး ဆေးရုံသို့ ပြောင်းရွှေ့ထားရှိခဲ့သည်။

ယင်းနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် သက်ဆင်ကို မူလထောင်ဒဏ် ၈ နှစ်မှ ထောင်ဒဏ် ၁ နှစ်သို့ ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးလိုက်သည်။

သက်ဆင်သမီးဖြစ်သူ အာဏာရဖွေထိုင်းပါတီခေါင်းဆောင် Paetongtarn က ဖခင်ဖြစ်သူပြန်လွတ်လာပါက နေထိုင်ရန်နေရာကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။

Ref: Thai PBS world, REUTERS