ချောင်းဆုံမြို့နယ် အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဖမ်းဆီးခံရ

0
1922

မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ အရှေ့ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် ဖွင့်လစ်ထားသော အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်း၏ တည်ထောင်သူ ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ချောင်းဆုံမြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားသူမှာ အသက် ၄၄ နှစ်အရွယ်ရှိ ဦးချစ်ကိုကိုဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင် ဒေသခံတစ်ဦးကပြောသည်။

ဦးချစ်ကိုကိုသည် စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ကြရန် ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့မှုကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။

ဦးချစ်ကိုကိုကို ချောင်းဆုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းပြီး (ပ) ၁၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဆရာဦးချစ်ကိုကိုက အဓိပတိကိုယ်ပိုင် အထက်တန်းကျောင်းတည်ထောင်သူ အင်္ဂလိပ်စာ ဆရာဖြစ်ပြီး ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။